ဆဋ္ဌမအကြိမ် အစိမ်းရောင်စီးပွားရေး အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု ဖိုရမ် (6th Green Economy Green Growth-GEGG Forum) နှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်

   ဆဋ္ဌမအကြိမ် အစိမ်းရောင်စီးပွားရေး အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု ဖိုရမ် (6th Green Economy Green Growth-GEGG Forum) နှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်

          သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် အစိမ်းရောင်စီးပွားရေး အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှု (Green Economy Green Growth-GEGG) တို့ ပူးပေါင်း၍ ဆဋ္ဌမအကြိမ် အစိမ်းရောင်စီးပွားရေး အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု ဖိုရမ်ကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၂) MICC II ၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။

          ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကား ပြောကြားရာတွင် ယခုအခမ်းအနားသည် အစိမ်းရောင်စီးပွားရေး အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် ဆဋ္ဌမ အကြိမ်မြောက် ကျင်းပပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ အခမ်းအနား၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ တွင် အစိမ်းရောင်စီးပွားရေးနှင့် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုများ မြန်ဆန်ထိရောက်စွာဆောင် ရွက်နိုင်ရေးအတွက် အထောက်အကူပြုရန်နှင့် ပြည်တွင်းနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း များ၏ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးရန် ဖြစ်ပါကြောင်း၊ ဖိုရမ်၏ အဓိက ဦးတည်ချက်မှာ မြန်မာနိုင်ငံတွင် အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှုများနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို ယခုအချိန်မှ စတင်၍ အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊  မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဇီဝမျိုးစုံ မျိုးကွဲများနှင့် သဘာဝသယံဇာတများ ကြွယ်ဝသော နိုင်ငံများအနက် တစ်နိုင်ငံ အပါအဝင် ဖြစ်ပါကြောင်း၊  သဘာဝအရင်းအနှီးများသည် သန်းပေါင်းများစွာသော နိုင်ငံသားများ၏ လူမှု စီးပွားဖွံ့ဖြိုးရေးအတွက် အလွန်အရေးပါပြီး စီးပွားရေး ကုန်ထုတ်လုပ်ငန်းများအတွက်လည်း နိုင်ငံ၏ကျောထောက်နောက်ခံဖြစ်ပါကြောင်း၊ တစ်ဖက်မှာလည်း မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်ခံစားရလွယ်ဆုံးသော နိုင်ငံများအနက် တစ်ခုအပါအဝင် ဖြစ်သည့်အတွက် နိုင်ငံသားများနှင့် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုအတွက် အရေးကြီးသကဲ့သို့ ရာသီဥတုပြောင်းလဲမှု ကာကွယ်စောင့်ရှောက်နိုင်ရန်နှင့် နိုင်ငံ၏ သဘာဝအရင်းအမြစ်များကို ရေရှည်တည်တံ့အောင် စီမံခန့်ခွဲရန်မှာ အလွန်ပင်အရေးကြီးပါကြောင်း၊ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ သစ်တောများသည် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူပေးပြီး ဒေသအလိုက် ရာသီဥတုကို ထိန်းညှိပေးခြင်းအားဖြင့် ရာသီဥတုပြောင်းလဲမှုကို ကြံ့ကြံ့ခံနိုင်ရန် ကူညီပေးပါကြောင်း၊ ထိုကဲ့သို့ သဘာဝအလျောက်ဝန်ဆောင်ပေးမှုများ ပျက်သုဉ်းသွားခြင်းမှကုစားရသောလုပ်ငန်းများ လုပ်ခြင်း ထက် သဘာဝကပေးသော ဝန်ဆောင်မှုများကို ထိန်းသိမ်းခြင်းအားဖြင့် ကုန်ကျစရိတ်လည်း ပိုမိုသက်သာစေမည် ဖြစ်ပါကြောင်း၊ သဘာဝအရင်းအနှီးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးသည် အစိမ်းရောင် စီးပွားရေးနှင့် အစိမ်းရောင်ဖွံ့ဖြိုး တိုးတက်မှုအတွက် အလွန်အရေးပါသော ဒေါက်တိုင်များ ဖြစ်ပါကြောင်း၊ သစ်တောသယံဇာတ အပါအဝင် သဘာဝအရင်းအမြစ်များ ထံမှရရှိသော ဂေဟစနစ် တန်ဖိုး နှင့် စီးပွားရေး အကျိုးအမြတ်များကို သိရှိနားလည်ရန် လိုအပ်  သကဲ့သို့ အဆိုပါ သဘာဝအရင်းအမြစ်များ ပျက်စီးခြင်းမှ ကုန်ကျစရိတ်များကိုလည်း ရှောင်ရှား နိုင်အောင် အလေးဂရုပြုဆောင်ရွက်သွားကြရန် လိုအပ်မှာဖြစ်ပါကြောင်း ဆွေးနွေးပြောကြား ပါသည်။

          ပြည်ထောင်စုဝန်ကြီးမှ ဆက်လက်၍ အစိမ်း‌ရောင် စီးပွားရေးဆိုသည်မှာ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်များ၊ ဂေဟစနစ် ဆုံးရှုံးမှုများ အတတ်နိုင်ဆုံး လျော့နည်းစေ ရန်နှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိစေဘဲ ရှေရှည်ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရန်အတွက် ဆောင်ရွက်သော စီးပွားရေး လုပ်ငန်းဖြစ်ပါကြောင်း၊  တစ်နည်းအားဖြင့် ကာဗွန်ထုတ်လွှတ်မှု လျော့နည်းသော၊ သဘာဝသယံဇာတများကို စနစ်တကျအသုံးပြုသော၊ ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်များကို သုံးစွဲသော၊ စွန့်ပစ်ပစ္စည်းများကို စနစ်တကျစီမံခန့်ခွဲသော စီးပွားရေးလုပ်ငန်း ဖြစ်ပါကြောင်း၊ ယခုအခါ နိုင်ငံအသီးသီးတွင် ကမ္ဘာလုံးဆိုင်ရာ ရေရှည်မျှော်မှန်းချက် ဖြစ်သော စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များသို့ ရောက်ရှိရေးအတွက် အစိမ်းရောင် စီးပွားရေး ချဉ်းကပ်မှု နည်းလမ်းများကို လိုက်နာကျင့်သုံးလျက်ရှိကြရာ အလားတူ မြန်မာနိုင်ငံ အနေဖြင့်လည်း စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်များကို ရောက်ရှိရေးအတွက် အစိမ်းရောင် စီးပွားရေး ချဉ်းကပ်မှု နည်းလမ်းများ၊ အစိမ်းရောင် နည်းပညာများနှင့် အစိမ်းရောင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် လိုအပ်ပါကြောင်း၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝsန်ကြီးဌာနသည် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များနှင့်ပူးပေါင်း၍ ကမ္ဘာလုံး ဆိုင်ရာ သဘာဝပတ်ဝန်းကျင်ရန်ပုံငွေအဖွဲ့ (World Wide Fund for Nature - WWF) ၏ နည်းပညာ အကူအညီဖြင့် အစိမ်းရောင်စီးပွားရေး မူဝါဒမူဘောင်(Green Economy Policy Framework) ကို အပြီးသတ် မူကြမ်း အဆင့်အထိ ရေးဆွဲပြီးဖြစ်ပါကြောင်း ပြောကြားပါသည်။   ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ အစိမ်းရောင်စီးပွားရေး အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှု (Green Economy Green Growth-GEGG)မှ ဥက္ကဋ္ဌ ဦးသိန်းထွန်းနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်းမှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသက်တို့မှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။ ဆဋ္ဌမအကြိမ် အစိမ်းရောင်စီးပွားရေး အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု ဖိုရမ်တွင် ပြည်တွင်း/ ပြည်ပမှ ပညာရှင်များက အစိမ်းရောင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ ကိစ္စရပ်များ၊ အစိမ်းရောင် အခြေခံအဆောက်အအုံများ တည်ဆောက်မှုမြှင့်တင်ရေးနှင့် သဘာဝဘေးအန္တရာယ် ကြံ့ကြံ့ခံနိုင်မှုရှိစေရေး၊ အစိမ်းရောင် စီးပွားရေးဆိုင်ရာ မူဝါဒနှင့် လုပ်ငန်းအစီအစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အတွက် ဘဏ္ဍာငွေဆိုင်ရာ ယန္တရားအစီအမံများ၊ အစိမ်းရောင် စီးပွားရေး ပုံစံကူးပြောင်းရေး အတွက် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များကို အဓိက အလေးထားပြီး ဆွေးနွေး ကြပါသည်။

           Session (2) အပြီး နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံချိန်တွင် အစိမ်းရောင် စီးပွားရေး အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု  (Green Economy Green Growth -GEGG) မှ Founder ဖြစ်သူ ဒေါက်တာနေထွန်းမှ နုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးမှ Special Lunch Keynote Speaker အဖြစ် ဆောင်ရွက်ခဲ့ပြီး၊ မြန်မာနိုင်ငံမှ လက်ရှိဆောင်ရွက်လျက်ရှိသော ပညာရေးပြုပြင်ပြောင်းလဲမှု အခြေအနေများ၊  Sustainable Development Goals အမှတ်စဉ်(၄)ပါ Quality Education ပေးနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ပြောကြား ခဲ့ပါသည်။

          ဖိုရမ်သို့ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ၊ ဒုတိယဝန်ကြီးများ၊ ပြည်သူ့လွှတ်တော် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ အမျိုးသားလွှတ်တော် သတ္တုသယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ နေပြည်တော် ကောင်စီဝင်၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့မှ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာဝန်ကြီးများ၊ အစိမ်းရောင်စီးပွားရေး အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု  (Green Economy Green Growth -GEGG) မှ တာဝန်ရှိသူများ၊ အစိမ်းရောင်စီးပွားရေးနှင့်ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ လုပ်ငန်းကော်မတီဝင်များ၊ စက်မှုစီမံကိန်းများ၊ မြို့ပြနှင့်ရပ်ရွာများ၏ ပတ်ဝန်းကျင်နှင့် စွန့်ပစ်ပစ္စည်း စီမံအုပ်ချုပ်မှုဆိုင်ရာလုပ်ငန်း ကော်မတီဝင်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ ပညာရှင် များ၊ ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ စုစုပေါင်း (၄၀၀) ဦးခန့် တက်ရောက်ပြီး ဖိုရမ်ကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် နေပြည်တော်၌ လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ရန်ကုန်မြို့၌ လည်းကောင်း ဆက်လက် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။