နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာအစည်းအဝေးကျင်းပခြင်း

   မြန်မာနိုင်ငံသည် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ အာဆီယံသဘော တူညီချက် (ASEAN Agreement on Transboundary Haze Pollution- AATHP) ကို ၂၀၀၃ ခုနှစ် မတ်လ ၅ ရက်နေ့တွင် သဘောတူအတည်ပြုလက်မှတ်ရေးထိုးခဲ့၍ အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင် ခဲ့ပါသည်။ အဆိုပါသဘောတူညီချက်အရ မြန်မာနိုင်ငံမှ တောမီးလောင်ကျွမ်းမှုနှင့် မီးခိုးမြူငွေ့ ညစ်ညမ်းမှုလျော့နည်းစေရေးအတွက် သဘောတူညီချက်ပါ လုပ်ငန်းစဉ်များကို တာဝန်ယူ ဆောင်ရွက်လျက်ရှိပါသည်။

          ယခုအခါတွင် ပူပြင်းခြောက်သွေ့သော နွေရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် တောမီးနှင့် အကြောင်းအမျိုးမျိုးကြောင့် အခြားမီးလောင်ကျွမ်းမှုများကို ကာကွယ်ထိန်းချုပ် နိုင်ရေး၊ ဖြစ်ပေါ်လာနိုင်သည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ပြဿနာများကို စောင့်ကြပ်ကြည့်ရှုရန်နှင့် ထိန်းချုပ်နိုင်ရေး၊ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချ ရေးဆိုင်ရာ လုပ်ငန်းစီမံချက်နှင့်စပ်လျဉ်း၍ ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်ပတ်သက်၍  ညှိနှိုင်းအစည်းအဝေးကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန (ဦးစီးရုံးချုပ်)၊ အစည်းအဝေး ခန်းမတွင် ၂၈-၂-၂၀၂၀ ရက်နေ့ နံနက် ၀၉:၃၀ မှ နေ့လည် ၁၂:၀၀ ထိ သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၄၀) ဦးခန့်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။