ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းနှင့် အများပြည်သူပါဝင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း စကားဝိုင်းဆွေးနွေးပွဲကျင်းပခြင်း(အောက်တိုဘာလ၊ ၃၀ရက်၊ ၂၀၁၉ခုနှစ်၊ နေပြည်တော်)

ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းနှင့် အများပြည်သူပါဝင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း စကားဝိုင်းဆွေးနွေးပွဲ တစ်ရပ်ကို နေပြည်တော် Horizon Lake View Resort, State Meeting Room တွင် အောက်တိုဘာလ ၃၀ရက် နံနက် ၈:၃၀ မှစတင်ကျင်းပခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသည် Earthright International၊ Oxfam နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဉီးစီးဌာနမှ ပူးပေါင်းကျင်းပခြင်း ဖြစ်သည်။

ဆွေးနွေးပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်မှာ နောက်အနာဂါတ်ကာလများတွင် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းကို ပိုမိုပွင့်လင်း မြင်သာပြီး အဓိပ္ပါယ်ပြည့်ဝလာစေရန်နှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ရေရှည်ဖွံဖြိုးတိုးတက်၍ တာဝန်ယူမှုရှိသော၊ အောင်မြင်မှုရှိသည့် ရင်းနှီးမြှုပ်နှံမှုများ ဖြစ်လာစေရန် ဖြစ်ပါသည်။

အဆိုပါဆွေးနွေးပွဲတွင် သက်ဆိုင်ရာ အစိုးရအရာရှိများ EIA အကြံပေးများ ကုမ္မဏီများနှင့် အရပ်ဖက်အဖွဲ့အစည်းများကို EIAနှင့်ပတ်သက်သော စိန်ခေါ်မှုများ စိုးရိမ်မှုများကို ၎င်းတို့၏ အတွေ့အကြုံများအပေါ်မူတည်သော အမြင်ရှုထောင့်များမှ အပြုသဘောဆောင်ပြီး ဆွေးနွေးသည့် ဆွေးနွေးပွဲဖြစ်သည်။ EIA လုပ်ငန်းစဉ် ပိုမိုအားကောင်းလာစေရန် နှင့် ပါဝင်ပတ်သတ်သူ တစ်ဉီးတစ်ဖွဲ့ချင်းစီသည် အခြားပါဝင်ပတ်သက်နေသူများ၏ အခန်းကဏ္ဍကို နားလည်လာစေပြီး အထောက်အကူ ဖြစ်စေရန်၊ ယခုလက်ရှိအခြေအနေနှင့် အနာဂါတ် ပတ်ဝန်းကျင်ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်ကို တိုးတက်လာစေရန်အတွက် ပါဝင်ပတ်သက်သူများ အားလုံးအနေဖြင့် လုပ်ဆောင်နိုင်သော တိကျသည့်ရှေ့ဆက်လုပ်ငန်းစဉ်များ ပေါ်ထွက်လာစေရန် ဖြစ်ပါသည်။

ဆွေးနွေးပွဲတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဉီးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဉီးလှမောင်သိန်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဉီးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ EIA  အကြံပေး(Environmental Resources Management)၊ အရပ်ဖက်အဖွဲ့အစည်းကိုယ်စားလှယ် များဖြစ်သော ကမ်းခြေအားမာန်၊ Dawei Development Association၊ စီမံကိန်းအဆိုပြုသူ (Myint & Associates) တို့မှ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။

ဆွေးနွေးပွဲကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဉီးစီးဌာနမှ တာဝန်ရှိသူများ၊ DICAမှတာဝန်ရှိသူများ၊ တတိယအဖွဲ့အစည်းမှ Consultants များ၊ NGO/CSRများ၊ မိတ်ဖက်အဖွဲ့အစည်းများဖြင့် စုစုပေါင်း ၈၂ဉီးခန့်တက်ရောက် ခဲ့ကြပြီး ညနေ ၅နာရီတွင် ဆွေးနွေးပွဲ ပြီးဆုံးကြောင်း သိရှိရပါသည်။