ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲခြင်းဆိုင်ရာ နည်းဥပဒေများ (ဒုတိယမူကြမ်း) အပေါ် ရှင်းလင်းဆွေးနွေးပွဲ

၂၀၁၉ ခုနှစ် မတ်လ ၂၆ ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် နေပြည်တော်ရှိ Grand Amara Hotel ၌ ကျင်းပပြုလုပ်သော “ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲခြင်းဆိုင်ရာ နည်းဥပဒေများ (ဒုတိယမူကြမ်း) အပေါ် ရှင်းလင်းဆွေးနွေးပွဲ” သို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိန်ထွန်းလင်း တက်ရောက် အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

          အဆိုပါ ဆွေးနွေးပွဲသို့ ရုံးချုပ်၊ တိုင်းဒေသကြီး/ ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ ကိုယ်စားလှယ်များ၊ နော်ဝေပတ်ဝန်းကျင်အေဂျင်စီ (Norwegian Environment Agency- NEA) မှ ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများ နှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် စည်ပင်သာယာရေးအဖွဲ့များမှ ကိုယ်စားလှယ်များ၊ စီမံကိန်းဆိုင်ရာ စည်းမျဉ်း သတ်မှတ်ရေးလုပ်ငန်းအဖွဲ့ဝင်များနှင့် Drafting Group  အဖွဲ့ဝင်များ၊  စက်မှုလုပ်ငန်းရှင်များနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ စသည့် ဖိတ်ကြားထားသည့် ကိုယ်စားလှယ် စုစုပေါင်း (၇၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

ဒုတိယညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် ကမ္ဘာပေါ်ရှိ နိုင်ငံ အသီးသီးသည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်လာခဲ့ကြရာမှာ ရာသီဥတုပြောင်းလဲမှု အပါအဝင် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ရင်ဆိုင်ခဲ့ရကြောင်း၊ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခု ဖြစ်သည်နှင့်အညီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် သည့်အခါ၌ လူမှုရေး၊ စီးပွားရေးနှင့် ပတ်ဝန်းကျင် တို့အကြား ဟန်ချက်ညီညီ ပေါင်းစပ် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက် ရာ၌ ပြည်ပရင်းနှီးမြှုပ်နှံမှု များပြားလာခြင်း၊ မြို့ပြတိုးချဲ့ခြင်းကြောင့် လူဦးရေများပြားလာခြင်း၊ စက်မှုလုပ်ငန်း များပြားလာခြင်း တို့နှင့်အတူ အခြားတစ်ဖက်၌လည်း ပုံမှန် စွန့်ပစ်ပစ္စည်းများ၊ ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများနှင့် စက်မှုစွန့်ပစ်ပစ္စည်းများ တစ်နေ့တစ်ခြား များပြားလာ ကြောင်း၊ ထို့ကြောင့် စွန့်ပစ်ပစ္စည်းများအား ရေရှည်တွင် စနစ်တကျ စီမံခန့်ခွဲနိုင်ရေးအတွက် UNEP နှင့် IGES-CCET တို့၏ နည်းပညာအကူအညီဖြင့် အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု မဟာဗျူဟာ နှင့် ပင်မအစီအစဉ်အား ရေးဆွဲပြီးဖြစ်သည့်အတွက် ကဏ္ဍအသီးသီးမှ ပေါင်းစပ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် နော်ဝေ-မြန်မာ နှစ်နိုင်ငံအကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (၂၀၁၅-၂၀၁၈) အရ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် နော်ဝေပတ်ဝန်းကျင်အေဂျင်စီတို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် “ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်း စီမံအုပ်ချုပ်မှုဆိုင်ရာ စီမံကိန်း” မှ SINTEF ၏ နည်းပညာ အကူအညီဖြင့် နည်းပညာဆိုင်ရာ အခြေခံလေ့လာမှု (Technical Baseline Study) ဖြစ်သည့် ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်း ထုတ်လုပ်မှု ဆိုင်ရာ စစ်တမ်းကောက်ယူမှုကို စက်ရုံပေါင်း (၂၀၀) ကျော်တို့၌ ဆောင်ရွက်ခဲ့ပြီး ရရှိ လာသော အချက်အလက်များအပေါ် အခြေခံ၍ “မြန်မာနိုင်ငံရှိ ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်း စီမံ အုပ်ချုပ်မှုအတွက် ပင်မအစီအစဉ် (Master Plan of Hazardous Waste Management in Myanmar)” မူကြမ်းအား ရေးဆွဲလျက်ရှိကြောင်း၊ ထို့အပြင် နော်ဝေပတ်ဝန်းကျင်အေဂျင်စီ၏ နည်းပညာ အကူအညီဖြင့် မြန်မာနိုင်ငံရှိ ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းဆိုင်ရာ လက်ရှိ ဥပဒေ ရေးရာ ပြဌာန်းချက်များအပေါ် အခြေခံလေ့လာမှု (Regulatory Baseline Study) များ ဆောင်ရွက်ခဲ့ပြီး “ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများနှင့် အခြား စွန့်ပစ်ပစ္စည်းများ နယ်စပ် ဖြတ်ကျော် သယ်ယူပို့ဆောင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း” နှင့် “ဘေးအန္တရာယ်ရှိ စွန့်ပစ် ပစ္စည်း စီမံခန့်ခွဲခြင်းဆိုင်ရာ နည်းဥပဒေများ” တို့အား ရေးဆွဲလျက်ရှိကြောင်း၊  အဆိုပါ “ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲခြင်းဆိုင်ရာ နည်းဥပဒေများ (ပထမမူကြမ်း)” အပေါ် သက်ဆိုင်ရာဌာနများမှ ပေးပို့လာသည့် သဘောထားမှတ်ချက်များအား ဖြည့်စွက် ပြင်ဆင်ပြီး နော်ဝေပတ်ဝန်းကျင်အေဂျင်စီ၏ အကြံပြုချက် တို့ဖြင့် “ဘေးအန္တရာယ်ရှိ စွန့်ပစ် ပစ္စည်းများ စီမံခန့်ခွဲခြင်းဆိုင်ရာ နည်းဥပဒေများ” ဒုတိယမူကြမ်းအား ရေးဆွဲ ပြုစုထားပြီး ဖြစ်ကြောင်း၊ ယနေ့ ကျင်းပပြုလုပ်သည့် ရှင်းလင်းဆွေးနွေးပွဲ၏ အဓိကရည်ရွယ်ချက်မှာ “ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲခြင်းဆိုင်ရာ နည်း ဥပဒေများ” ဒုတိယမူကြမ်း အပေါ်မှာ တက်ရောက်လာကြသည့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ အနေဖြင့် ပြီးပြည့်စုံပြီးတော့ တကယ်လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် နည်းဥပဒေတစ်ခု အတည်ပြု ထုတ်ပြန်နိုင်ရေးအတွက် ဝိုင်းဝန်း အကြုံပြု ဆွေးနွေးပေးကြရန် တိုက်တွန်းလိုကြောင်း၊ သို့မှသာ ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုအတွက် မျှော်မှန်းချက်ဖြစ်သော “မြန်မာနိုင်ငံ၏ တောက်ပသော အနာဂတ်ကို ရည်မှန်း၍ ထာဝစဉ် စိမ်းလန်းသန့်ရှင်းပြီး ကောင်းမွန် မျှတသော ပတ်ဝန်းကျင်ကို ဖော်ဆောင်သွားရန်” အတွက် အထောက်အကူဖြစ်စေမည် ဖြစ်ကြောင်း တို့ကို  ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ ရှင်းလင်း ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ကိုယ်စားလှယ်များမှ “ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲခြင်းဆိုင်ရာ နည်းဥပဒေများ (ဒုတိယမူကြမ်း) အပေါ်  ဝိုင်းဝန်း ဆွေးနွေး အကြံပြုခဲ့ကြပြီး ဆွေးနွေးပွဲကို ညနေ (၁၇:၀၀) နာရီခန့်တွင် ရုပ်သိမ်း ခဲ့ပါကြောင်း သတင်းရရှိပါသည်။