မဲခေါင်ဒေသ သစ်ဆွေးမြေဂေဟစနစ်အား ရေရှည်တည်တံ့စေမည့် အုပ်ချုပ်မှုစီမံကိန်း၏ စီမံကိန်းဆိုင်ရာ အကြံပြုဆွေးနွေးခြင်း အစည်းအဝေးနှင့် ပတ်သက်သည့် သတင်းထုတ်ပြန်ချက်

   မဲခေါင်ဒေသ သစ်ဆွေးမြေဂေဟစနစ်အား ရေရှည်တည်တံ့စေမည့် အုပ်ချုပ်မှုစီမံကိန်းသည် ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာ အထောက်အပံ့ (Global Environment Facility-GEF) ၏ ငွေကြေး အထောက်အပံ့ဖြင့် မဲခေါင်ဒေသနိုင်ငံများဖြစ်သော ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့တွင် ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ် အထိ အကောင်အထည်ဖော်ဆောင်ရွက်မည့် ဒေသတွင်းစီမံကိန်း ဖြစ်ပါ သည်။

            အဆိုပါစီမံကိန်းကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ သဘာဝသယံဇာတများ ထိန်းသိမ်းရေးအဖွဲ့ (IUCN) တို့ပူးပေါင်း၍ မဲခေါင်ဒေသသစ်ဆွေးမြေဂေဟစနစ်အား ရေရှည်တည်တံ့စေမည့် အုပ်ချုပ်မှုစီမံကိန်း ၏ စီမံကိန်းဆိုင်ရာ အကြံပြုဆွေးနွေးခြင်းအစည်းအဝေး ကို ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၆) ရက်နေ့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

            ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် မဲခေါင်ဒေသသစ်ဆွေးမြေ ဂေဟစနစ် အား ရေရှည်တည်တံ့စေမည့် အုပ်ချုပ်မှုစီမံကိန်းကို ရေရှည်တည်တံ့စေသော နည်းလမ်းဖြင့် သစ်ဆွေးမြေ စီမံအုပ်ချုပ်မှု ဆောင်ရွက်ရန်၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရန်နှင့် မှန်လုံအိမ် အာနိသင်ဓာတ်ငွေ့ လျှော့ချရန် ရည်ရွယ်၍ အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ သစ်ဆွေးမြေများသည် ဒေသခံပြည်သူများ၏ အသက်မွေးဝမ်းကျောင်းအတွက် အထောက်အကူဖြစ်စေပြီး လူမှုစီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းမှုနှင့် ရာသီဥတုပြောင်းလဲမှုများအတွက် များစွာ အရေးပါနေ ကြောင်း ပြောကြားပါသည်။

            ဆက်လက်၍ စီမံကိန်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်မည့်  လုပ်ငန်းစဉ် များကို သက်ဆိုင်ရာစီမံကိန်းတာဝန်ရှိသူများမှ ရှင်းလင်းတင်ပြကြပါသည်။ အစည်းအဝေးတွင် စီမံကိန်း ကြီးကြပ်မှုကော်မတီနှင့် နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းရာတွင် ပါဝင်သင့်သည့်သက်ဆိုင်ရာ ဌာနများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။

          အစည်းအဝေးသို့ သက်ဆိုင်ရာအစိုးရဌာနများမှ အရာထမ်းကိုယ်စားလှယ်များ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများ ၊သစ်တောသယံဇာတ ပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေးအသင်း(FREDA)မှ ကိုယ်စားလှယ်များ နှင့် IUCN မှ တာဝန်ရှိသူများ စုစုပေါင်း (၂၅)  ဦး ခန့် တက်ရောက်ခဲ့ပါသည်။