မြန်မာနိုင်ငံ၏ စက်မှုဆိုင်ရာလုပ်ငန်းစဉ်များနှင့် ကုန်ပစ္စည်း အသုံးပြုမှု (Industrial Processes and Product Use sub Sector -IPPU) ကဏ္ဍ အပေါ် MRV စနစ် အကောင်အထည်ဖော်ရေး အထောက်အကူပြု အလုပ်ရုံဆွေးနွေးပွဲ

၁။      မြန်မာနိုင်ငံသည် ပါရီသဘောတူညီချက်အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အလျောက် အမျိုးသားအဆင့် တိုးမြှင့်ပွင့်လင်းမြင်သာမှုမူဘောင် (Enhanced Transparency Framework-ETF) အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံ၏ Nationally Determined Contributions-NDCs အရ စက်မှုဆိုင်ရာလုပ်ငန်းစဉ်များနှင့် ကုန်ပစ္စည်းအသုံးပြုမှု (IPPU) ကဏ္ဍတို့မှ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းရပ်များဆိုင်ရာ သတင်းအချက်အလက်များ ကောက်ယူမှု၊ စုစည်းမှုနှင့် ထိန်းသိမ်းမှုစနစ်တို့နှင့်စပ်လျဉ်း၍  ဆွေးနွေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် “စက်မှုဆိုင်ရာလုပ်ငန်းစဉ်များနှင့် ကုန်ပစ္စည်း အသုံးပြုမှု (Industrial Processes and Product Use sub Sector -IPPU) ကဏ္ဍအပေါ် MRV စနစ် အကောင်အထည်ဖော်ရေး အထောက် အကူပြုအလုပ်ရုံဆွေးနွေးပွဲ” ကို ၂၀၁၉ ခုနှစ်‌ ဩဂုတ်လ ၃၀ ရက်နေ့ (သောကြာနေ့) တွင် Global Green Growth Institute-GGGI ၏ နည်းပညာပံ့ပိုးမှုဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။       ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းမှ တက်ရောက် အမှာစကားပြောကြားရာတွင် ကမ္ဘာ့နိုင်ငံအသီးသီး၌ ရာသီဥတုပြောင်းလဲမှု၏ အကျိုးသက်ရောက် မှုများဖြစ်သည့် တောမီးလောင်ကျွမ်းမှုများ၊ မုန်တိုင်းကျရောက်မှုများကို  တစ်နှစ်ထက်တစ်နှစ်ပို၍ သိသာပြင်းထန်စွာ ဖြစ်ပေါ်လျက်ရှိပြီး မြန်မာနိုင်ငံတွင်လည်း ရေကြီးရေလျှံမှုများ ၊ မြေပြိုမှုများကို ပိုမို တွေ့ကြုံရလျက်ရှိပါကြောင်း၊ အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သည့် ရာသီဥတုပြောင်းလဲမှု အခြေအနေ ဆန်းစစ်မှု ရလဒ်များအရလည်း ရာစုနှစ်ဝက်ကာလ နောင်နှစ်ပေါင်း (၅၀) ခန့်တွင် ရာသီဥတုပြောင်းလဲမှုသည် ပိုမိုပြင်းထန်လာနိုင်သည်ကို လေ့လာသိရှိရပါကြောင်း၊ ထို့ကြောင့် ရာသီဥတုပြောင်းလဲမှုကို ဖြေရှင်း ဆောင်ရွက်နိုင်ရန် သမိုင်းဝင်ပါရီသဘောတူညီချက်ကို ချမှတ် ခဲ့ရာ မြန်မာနိုင်ငံမှလည်း အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ပါရီ သဘောတူညီချက်အရ နိုင်ငံ၏အခြေအနေနှင့် သင့်လျော်မည့် အမျိုးသားအဆင့် ရာသီဥတု ပြောင်းလဲမှုလျှော့ချရေး နှင့် လိုက်လျောညီထွေဖြစ်စေရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင် ရွက်မည့် လုပ်ငန်းအစီအစဉ် (INDC) ကို တင်ပြခဲ့ပြီး ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ NDC တွင် ဖော်ပြပါ ကတိကဝတ်များကို အကောင်အထည်ဖော်နိုင်ရေးအတွက် မြန်မာနိုင်ငံ ရာသီဥတု ပြောင်းလဲမှုမူဝါဒ၊ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်များကို ၂၀၁၉ ခုနှစ် ဇွန်လ (၅) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားတွင် ချမှတ် ပြဌာန်းပြီး ဖြစ်ပါကြောင်း ကြေညာခဲ့ပြီး ဖြစ်ပါကြောင်း၊ ထို့အပြင်  ပါရီသဘောတူညီချက် Article (၁၃) ၊ (၁၄) နှင့် (၁၅) တို့အရ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို စောင့်ကြည့်လေ့လာ၍ အစီရင်ခံတင်ပြရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံအတွင်း၌ MRV စနစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် GGGI ၏ နည်းပညာပံ့ပိုးမှုဖြင့် ၂၀၁၇ ခုနှစ်မှစ၍ မြန်မာနိုင်ငံ၏ MRV စနစ်အပေါ် ဆန်းစစ်ချက်ကို လည်းကောင်း၊ MRV စနစ်အပေါ် အသိပညာမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲတို့ကိုလည်းကောင်း၊ ၂၀၁၈ ခုနှစ်တွင် စွမ်းအင်ကဏ္ဍဆိုင်ရာ  MRV စနစ် ဆန်းစစ်ချက်တို့ကိုလည်ကောင်း ဆောင်ရွက် ခဲ့ပြီး ဖြစ်ပါကြောင်း၊ ယခုအခါ စက်မှုကဏ္ဍ၌ အချက်အလက်များ ကောက်ယူစုဆောင်းမှု၊ အစီရင်ခံ တင်ပြမှု နှင့် ဆန်းစစ်မှုတို့ဆိုင်ရာ လက်ရှိအကောင်အထည်ဖော်မှုတို့အပေါ် ဆွေးနွေးနိုင်ရေး အတွက် အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခြင်းဖြစ်ပါကြောင်းနှင့် တက်ရောက်လာကြသည့် ကိုယ်စားလှယ်များမှ ဆွေးနွေးပါဝင်ပေးစေလိုပါကြောင်း ပြောကြားပါသည်။

၃။      GGGI မှ Senior Analyst MRV- Mr. Siddhartha Nauduri မှ အမှာစကားပြောကြားရာ တွင် GGGI အနေဖြင့် စက်မှုကဏ္ဍ၌ MRV စနစ်အကောင်အထည်ဖော်ရေးအတွက် တိုးမြှင့် ဆောင်ရွက်ရမည့် အခန်းကဏ္ဍကို သိရှိနိုင်ရေးဆန်းစစ်မှုကို ဆောင်ရွက်ခြင်းဖြစ်သဖြင့် တက်ရောက်လာသည့် ကိုယ်စားလှယ်များမှ ဝိုင်းဝန်းဆွေးနွေး ပံ့ပိုးပေးကြရန် မျှော်လင့်ပါကြောင်း နှင့် အစည်းအဝေးတက်ရောက်လာသည့် ဌာနအသီးသီးမှ ကိုယ်စားလှယ်များနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန တို့ကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပါသည်။

၄။      အလုပ်ရုံဆွေးနွေးပွဲသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကိုယ်စားလှယ်များနှင့် ဆက်စပ်ဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ GGGI မှ မြန်မာနိုင်ငံဌာနေကိုယ်စားလှယ် Dr. Aaron Russell၊ Myanmar Programme Officer ဦးသီဟအောင်၊ GGGI မှ Senior Analyst of MRV ဖြစ်သူ Mr. Siddhartha Nauduri တို့ဖြင့် ကိုယ်စားလှယ်စုစုပေါင်း (၂၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။