မြန်မာနိုင်ငံ အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေး နှင့် လိုက်လျောညီထွေရှိစေရေး ဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် (Nationally Determined Contributions-NDCs) ပြုစုရေးဆွဲရေးဆိုင်ရာ ဆက်စပ်ပတ်သက်သူများ ညှိနှိုင်းအစည်းအဝေး

   မြန်မာနိုင်ငံသည် ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်း (United Nations Framework Convention on Climate Change-UNFCCC) နှင် ပါရီသဘောတူညီချက် (Paris Agreement) တို့၏ အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အလျောက် ပါရီသဘောတူညီချက်၏ အကြိုလုပ်ငန်းစဉ် ဖြစ်သည့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေး ကတိကဝတ်များ နှင့် လိုက်လျောညီထွေရှိစေရေးဆိုင်ရာ ဦးစားပေး လုပ်ငန်းစဉ်များ ပါဝင်သည့် Myanmar Intended Nationally Determined Contribution (INDC) ကို ဆက်စပ်ဝန်ကြီးဌာန/ဦးစီးဌာနများ၏ အကြံပြုချက်များဖြင့် ရေးဆွဲပြုစုကာ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလတွင် UNFCCC အတွင်းရေးမှူးရုံးသို့ တင်ပြခဲ့ပါသည်။ အဆိုပါ INDCs ကို အခြေခံ၍ Nationally Determined Contributions (NDCs) ကို ရေးဆွဲပြုစုလျက်ရှိရာ NDCs အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြရန် ရည်မှန်းထားသည့် ကဏ္ဍအလိုက် ကတိကဝတ်များနှင့်ပတ်သက်၍ ဆက်စပ် ပတ်သက်သူများအားလုံး၏ အကြံပြုဆွေးနွေးချက်များကို ထည့်သွင်းဖြည့်စွက်ရေးဆွဲနိုင်ရန်အတွက် မြန်မာနိုင်ငံ၏ Nationally Determined Contributions (NDCs) အစီရင်ခံစာရေးဆွဲပြုစုရေးဆိုင်ရာ ဆက်စပ်ပတ်သက်သူများ ညှိနှိုင်းအစည်းအဝေး ကို ၂၀၂၀ ခုနှစ် မတ်လ ၁၀ ရက်နေ့မှ ၁၁ ရက်နေ့အထိ Grand Amara ဟိုတယ်၊ နေပြည်တော် ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ က အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေး နှင့် လိုက်လျောညီထွေရှိစေရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် (Nationally Determined Contributions – NDCs) အစီရင်ခံစာကို ၂၀၂၀ ခုနှစ် မတ်လ ၃၁ ရက်နေ့မတိုင်မီ UNFCCC အတွင်းရေးမှူးရုံးသို့ အချိန်မီတင်ပြနိုင်ရန်အတွက် ရေးဆွဲပြုစုလျက်ရှိရာ နိုင်ငံတော်၏ ကဏ္ဍပေါင်းစုံတွင် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းများ၊ ဆောင်ရွက်ရန် လျာထားသည့် လုပ်ငန်းအစီအစဉ်များ၊ တိကျခိုင်မာသည့် အချက်အလက်များ ပါဝင်ပြီး ဆက်စပ်ပတ်သက်သူများအားလုံးကို ကိုယ်စားပြုသော ပြည့်စုံကောင်းမွန်သည့် အစီရင်ခံစာ ဖြစ်ပေါ် လာစေရေးအတွက် ဆက်စပ်ဝန်ကြီးဌာနများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၊ INGOs/NGOs များ၊ လူမှုရေးနှင့်ပတ်ဝန်းကျင်ဆိုင်ရာ အရပ်ဖက်လူမှုအဖွဲ့အစည်း အစုံအလင်ဖြင့် ယနေ့အစည်းအဝေးကို ကျင်းပပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေး မတိုင်ခင် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ တွင် ဆက်စပ်ဝန်ကြီးဌာန/ဦးစီးဌာနများမှ ဌာနအကြီးအကဲများဖြင့် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးအားလည်းကောင်း၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် နည်းပညာပိုင်းဆိုင်ရာ ညှိနှိုင်းအ စည်းအဝေးအားလည်းကောင်း ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးတွင် ဆွေးနွေးခဲ့သည့် ဆုံးဖြတ်ချက် များ၊ ဌာနများမှ ပံ့ပိုးပေးသည့် အချက်အလက်များကို အခြေခံကာ NDC အစီရင်ခံစာ (စတုတ္ထမူကြမ်း) ကို ရေးဆွဲခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါ အစီရင်ခံစာ မူကြမ်းတွင် မှန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချရေး ကတိကဝတ်/ရည်မှန်းချက်များနှင့်ပတ်သက်၍ စွမ်းအင်၊ စက်မှု နှင့် သစ်တော ကဏ္ဍတို့ကို အဓိကဖော်ပြထားပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ စွန့်ပစ်ပစ္စည်း နှင့် ပို့ဆောင်ရေးကဏ္ဍများ ကိုလည်း ထည့်သွင်းရေးဆွဲထားပါကြောင်း၊ ရာသီဥတုပြောင်းလဲမှုနှင့်လိုက်လျောညီထွေရှိစေရေး ဆောင်ရွက် နိုင်မှု၊ ဆောင်ရွက်လိုမှုနှင့်ပတ်သက်၍ စိုက်ပျိုးရေး၊ ရေထွက်သယံဇာတ၊ ကျန်းမာရေး နှင့် ပညာရေး ကဏ္ဍများကို ထည့်သွင်းရေးဆွဲထားပါကြောင်း၊ တက်ရောက်လာကြသည့် ကျွမ်းကျင် ပညာရှင်များ၊ ဌာနကိုယ်စားလှယ်များအနေဖြင့် NDCs အစီရင်ခံစာမူကြမ်းတွင် ဖော်ပြပါရှိသည့် ရာသီဥတုဆိုင်ရာ ရည်မှန်းချက် (Targets) များ၊ ဌာန/အဖွဲ့အစည်းများမှ ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းများ၊ အဆိုပါ ရည်မှန်းချက်၊ စီမံကိန်းများ အကောင်အထည်ဖော်ရန်အတွက် စွမ်းဆောင်ရည်၊ နည်းပညာ နှင့် ငွေကြေးဆိုင်ရာ လိုအပ်ချက်များအပေါ် ဆက်စပ်ပတ်သက်သူများ အားလုံး၏ သုံးသပ်အကြံပြုချက် များကို ပွင့်လင်းရင်းနီးစွာ ဆွေးနွေးပေးကြဖို့ အလေးအနက်ထား တိုက်တွန်းလိုပါကြောင်း၊ နိဂုံးချုပ် အနေဖြင့် အစီရင်ခံစာ အချိန်မီ ပြီးစီးရေးအတွက် အကြုံပြုချက်များ၊ အချက်အလက်များ ပံ့ပိုးကူညီ ပေးသည့် ဆက်စပ်ဝန်ကြီးဌာန/ဦးစီးဌာနများ၊ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးကူညီပေးနေသည့် ကုလသမဂ္ဂ နှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၊ အစည်းအ‌ဝေးအတွက် လိုအပ်သည့် ရန်ပုံငွေကို တာဝန်ယူ ကူညီပေးသည့် DFID-Myanmar နှင့် Sone Sie အဖွဲ့အစည်းများနှင့် တက်ရောက်လာကြသည့် အဖွဲ့အစည်းများ အားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားပါသည်။

ဆက်လက်၍ NDC အစီရင်ခံစာမူကြမ်းတွင် ထည့်သွင်းဖော်ပြထားသည့် ကဏ္ဍအလိုက် ရည်မှန်းချက် (Targets) များနှင့်စပ်လျဉ်း၍ လျှပ်စစ်စွမ်းအင် လုံလောက်စွာရရှိရေး နှင့် ရေအားလျှပ်စစ် အကောင်အထည်ဖော်‌ရေးကဏ္ဍ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် တိုးမြှင့်ထုတ်လုပ်ရေးကဏ္ဍ၊ စွမ်းအင် အကျိုးရှိထိရောက်စွာသုံးစွဲရေး နှင့် ထင်းသုံးစွဲမှုလျှော့ချရန် စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဖြူးရေးကဏ္ဍ၊ သစ်တောကဏ္ဍမှ မှန်လုံအိမ်ဓါတ်ငွေ့ထုတ်လွှတ်မှုလျှော့ချရေးကဏ္ဍ တို့ကို ဆွေးနွေးတင်ပြခဲ့ကြပြီး အစီရင်ခံစာပါ ရည်မှန်းချက်များ၊ စီမံကိန်းလုပ်ငန်းများ၊ စွမ်းဆောင်ရည်၊ နည်းပညာပိုင်း နှင့် ငွေကြေး ဆိုင်ရာ လိုအပ်ချက်များအပေါ် တက်ရောက်လာသည့် ကိုယ်စားလှယ်များမှ အကြံပြုဆွေးနွေးခဲ့ကြ ပါသည်။

အစည်းအဝေးသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ တက်ရောက်အဖွင့်အမှာစကားပြောကြားပြီး  ဆက်စပ်ဝန်ကြီး/ဦးစီးဌာနများမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ကိုယ်စားလှယ်များ၊ နိုင်ငံတကာသံရုံးများ၊ ကုလသမဂ္ဂနဲ့ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၊ အပြည်ပြည် ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (INGOs) နှင့် (NGOs) များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ စုစုပေါင်းကိုယ်စားလှယ် (၁၄၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။