ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဒုတိယအကြိမ် မြန်မာနိုင်ငံ အမျိုးသားအဆင့် အစီရင်ခံစာ (Second National Communication-SNC) ပြုစုရေးဆွဲရေး စီမံကိန်း အကောင်အထည်ဖော်ရေးအတွက် စီမံကိန်း စီမံခန့်ခွဲမှုအဖွဲ့ (Project Management Team- PMT) ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခြင်း(၂၂-၈-၂၀၁၉ (ကြာသပတေးနေ့)၊ နံနက် (၀၉:၀၀) နာရီမှ နေ့လယ် (၁၂:၃၀) နာရီအထိ)

မြန်မာနိုင်ငံသည် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်း (United Nations Framework Convention on Climate Change-UNFCCC) အဖွဲ့ဝင်နိုင်ငံ ဖြစ်သည့်အလျောက် နိုင်ငံအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဒုတိယအကြိမ် မြန်မာနိုင်ငံ အမျိုးသားအဆင့်အစီရင်ခံစာ (Second National Communication-SNC) ပြုစုရေးဆွဲရေးစီမံကိန်းကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန နှင့် ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (UN-Environment) တို့ ပူးပေါင်း၍ အ‌ကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယင်းစီမံကိန်းအောက်ရှိ နည်းပညာလုပ်ငန်းအဖွဲ့များမှ ကဏ္ဍအလိုက် လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အစီရင်ခံစာများ တင်ပြနိုင်ရေး၊ စီမံကိန်းလုပ်ငန်းအလိုက် လုပ်ငန်းတာဝန်များကို တိကျစွာ သတ်မှတ်နိုင်ရေး နှင့် စီမံကိန်းလုပ်ငန်းများ အချိန်မီ ပြီးစီးရေးတို့အတွက် စီမံကိန်း စီမံခန့်ခွဲမှုအဖွဲ့အကြား ညှိနှိုင်းဆုံးဖြတ်ချက်များကို ချမှတ်နိုင်ရန် စီမံကိန်းစီမံခန့်ခွဲမှုအဖွဲ့ (Project Management Team- PMT) ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၁၉ ခုနှစ် ဩဂုတ်လ ၂၂ ရက်နေ့ (ကြာသပတေးနေ့)၊ နံနက် ၉:၀၀ နာရီ အချိန်တွင် ရုံးအမှတ် (၅၃)၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ နေပြည်တော် ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါညှိနှိုင်းအစည်းအဝေးသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် က တက်ရောက် အဖွင့်အမှာစကားပြောကြားပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် နှင့် ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာ ဆက်စပ်ဌာနအသီးသီးမှ နည်းပညာ လုပ်ငန်းအဖွဲ့ခေါင်းဆောင်များ၊ ဒုတိယအဖွဲ့ခေါင်းဆောင်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ နှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၄၀) ဦးခန့် တက်ရောက်ကြပါသည်။

          အစည်းအဝေးတွင် စီမံကိန်းကို သတ်မှတ်အချိန်ကာလအတွင်း ပြီးစီးအောင် ကြိုးပမ်း အကောင်အထည်ဖော်နိုင်ရေး၊ စီမံကိန်းရဲ့ နည်းပညာလုပ်ငန်းအဖွဲ့များထံမှ ကဏ္ဍအလိုက် အစီရင်ခံ စာများ ရေးသားတင်ပြနိုင်ရေး၊ အစီရင်ခံရေးသားရန်အတွက် ကဏ္ဍအလိုက်အစည်းအဝေးများ ခေါ်ယူ ၍ အချိန်ကာလ၊ လုပ်ငန်းတာဝန်များ သတ်မှတ်ရေး နှင့် နိုင်ငံ၏ စွမ်းဆောင်ရည်ဖြင့် မဆောင်ရွက် နိုင်သည့် လုပ်ငန်းများကို ခွဲခြားသတ်မှတ်ကာ နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်များ ငှားရမ်း အကောင်အထည်ဖော်နိုင်ရေး စသည်တို့ကို အဓိကဆွေးနွေးခဲ့ကြပါသည်။