သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော စာသင်ကျောင်းများအတွက် အခြေခံ လမ်းညွှန်ချက်များ သတ်မှတ်နိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့်  Pestalozzi Children’s Foundation (PCF)တို့ပူးပေါင်း၍ သန့်ရှင်း၍  စိမ်းလန်းစိုပြည်သော    စာသင်ကျောင်းများ အတွက် အခြေခံလမ်းညွှန်ချက်များ သတ်မှတ်နိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲ တစ်ရပ်အား နေပြည်တော်၊ Kempinski ဟိုတယ်တွင် ၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီလ ၁၃ရက်နေ့မှ ၁၄ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ ၁၃-၁-၂၀၂၀ ရက်နေ့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဉီးလှမောင်သိန်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပြီး PCFမှ Asia Regional Director ဖြစ်သူ Ms. Brigit Burkard မှနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ယခင်ဖော်ထုတ်အတည်ပြုခဲ့ပြီးဖြစ်သော သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော စာသင်ကျောင်းများ၏ အခြေခံစံနှုန်းနှင့် အညွှန်းကိန်းများအား ပိုမိုနားလည်လာစေရန်၊ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော စာသင်ကျောင်းများအား အကောင်အထည်ဖော်မည့် လုပ်ငန်းအဆင့်(၇)ဆင့်ကို ပိုမိုနားလည်လာစေရန်နှင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော စာသင်ကျောင်းများအတွက် ထိုအခြေခံ စံနှုန်းများအလိုက် သတ်မှတ်ထားသော အခြေခံလမ်းညွှန်ချက်(မူကြမ်း) ရေးဆွဲနိုင်စေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲ၏ နောက်ခံအကြောင်းအရာများကို Facilitator ဖြစ်သူ ဉီးအောင်မြတ်ကျော်မှလည်းကောင်း၊ ဖော်ထုတ်အတည်ပြုခဲ့ပြီးသော အခြေခံ စံနှုန်းနှင့် အညွှန်းကိန်းများအား တင်ပြခြင်းနှင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော စာသင်ကျောင်းများ အကောင်အထည်ဖော်ရန် လုပ်ငန်းအဆင့်(၇)ဆင့်တို့အား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဒေါ်မာလာအောင်မှ လည်းကောင်း၊ အစိမ်းရောင်စီမံခန့်ခွဲမှုများခေါင်းစဉ်ဖြင့် အ.ထက ၁၆၊ မန္တလေးမှ ကျောင်းအုပ်ဆရာကြီး ဒေါက်တာသန်းထိုက်စိုးမှလည်းကောင်း၊ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများစီမံချက်အား PCFမှ Environmental Education Officer ဉီးဇုန်းသိန်းမှလည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြပါသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဉီးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ PCFမှ Asia Regional Director နှင့် အဖွဲ့ဝင်များ၊ အခြေခံပညာဉီးစီးဌာန၊ အဆင့်မြင့်ပညာဉီးစီးဌာန၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဉီးစီးဌာနမှ ကိုယ်စားလှယ်များ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဉီးစီးဌာနမှ ကိုယ်စားလှယ်များ စုစုပေါင်း (၆၃)ဉီး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။