အစားအစာနှင့် အဖျော်ယမကာဆိုင်ရာစက်မှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်မည့် လုပ်ငန်းကော်မတီအစည်းအဝေး (နေပြည်တော်၊ Grand Amara Hotel၊ ၂၉-၁၀-၂၀၁၉)

   သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် သဘာဝအဖွဲ့အစည်းတို့ပူးပေါင်း၍ အစားအစာနှင့် အဖျော်ယမကာထုတ်လုပ်ခြင်းဆိုင်ရာ စက်မှုလုပ်ငန်း ကဏ္ဍများ၌ သဘာဝပတ်ဝန်းကျင်နှင့် ဆက်စပ်နေသော လုပ်ငန်းကဏ္ဍများ အကောင်အထည်ဖော်ရာတွင် အထောက်အကူဖြစ်စေရန်၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (EMP) လိုက်နာရေးဆွဲနိုင်စေရန် တွန်းအားပေး မှုတွင် တွေ့ကြုံနေရသော စိန်ခေါ်မှုများကို ဆွေးနွေးနိုင်ရန်နှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ ချမှတ်သွားရန်နှင့် ဦးစားပေးစက်မှုလက်မှုကဏ္ဍ (၉) ခု လက်အောက်ရှိ လည်ပတ်ဆောင်ရွက်လျက်ရှိသော စက်ရုံ/အလုပ်ရုံများတွင် ပါဝင်သောအစားအစာနှင့် အဖျော်ယမကာထုတ်လုပ်ခြင်း (EMP) ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်တို့အတွက်  သက်ဆိုင်ရာဌာနများ၊ ဆက်စပ် သူများပါဝင်သော လုပ်ငန်း ကော်မတီအစည်းအဝေးကို Grand Amara Hotel ၊ နေပြည်တော်၌ ယနေ့ ၂၉-၁၀-၂၀၁၉ ရက်နေ့ နံနက် ၉:၃၀ နာရီအချိန်တွင် ကျင်းပခဲ့ပါသည်။

   အစားအစာနှင့် အဖျော်ယမကာဆိုင်ရာစက်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ် ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်မည့် လုပ်ငန်းကော်မတီ အစည်းအဝေးအခမ်းအနားတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးစိုးနိုင်မှ အဖွင့်အမှာ စကားပြောကြားပါသည်။ အဆိုပါ လုပ်ငန်းကော်မတီအစည်းအဝေးသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိန်ထွန်းလင်းနှင့် တာဝန်ရှိသူများ၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာ့ စားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၊ International Finance Corporation (IFC) ၊ Japan International Cooperation Agency (JICA) ၊ United Nations Industrial Development Organization (UNIDO) ၊ WWF-Myanmar(The Bar Wa Project) နှင့် ဒေသခံနည်းပညာဆိုင်ရာ ပညာရှင်များ စုစုပေါင်း(၃၀)ဦး တက်ရောက်ခဲ့ကြပြီးအခမ်းအနားကို နေ့လည် ၁၂:၃၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။