အဆင့်မြင့်သိပ္ပံနည်းကျသတင်းအချက်အလက်များနှင့် စီမံခန့်ခွဲမှုမှတဆင့် မြန်မာနိုင်ငံတွင်မိုးခေါင်ရေရှားခြင်းများနှင့် ရေကြီးရေလျှံခြင်းတို့အား စီမံခန့်ခွဲမှုအားကောင်းလာစေရေး (Strengthened drought and flood management through improved science-based information availability and management in Myanmar) စီမံကိန်း၏ Final Technical Training နှင့် စီမံကိန်းအပြီးသတ်အခမ်းအနားတို့နှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်

    ၂၀၁၉ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့ နံနက် ၉:၀၀ နာရီတွင် နေပြည်တော်ရှိKempinski Hotel ၌ ကျင်းပပြုလုပ်သော “အဆင့်မြင့်သိပ္ပံနည်းကျသတင်းအချက်အလက်များနှင့် စီမံခန့်ခွဲမှုမှ တဆင့် မြန်မာနိုင်ငံတွင် မိုးခေါင်ရေရှားခြင်းများနှင့်ရေကြီးရေလျှံခြင်းတို့အား စီမံခန့်ခွဲမှုအားကောင်းလာစေရေး (Strengthened drought and flood management through improved science-based information availability and management in Myanmar) စီမံကိန်း၏ Final Technical Training နှင့် စီမံကိန်း အပြီးသတ်အခမ်းအနား”သို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တက်ရောက်အဖွင့်အမှာစကားပြေားကြားခဲ့ပါသည်။     အဆိုပါ Final Technical Training နှင့် စီမံကိန်းအပြီးသတ်အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်၊ သစ်တော ဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြေတိုင်းဦးစီးဌာန၊ မြန်မာ့သစ်လုပ်ငန်းဦးစီးဌာန၊ သတ္ထုတွင်းဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ အမှတ် (၁)သတ္ထုတွင်းလုပ်ငန်းနှင့် အမှတ်(၂)သတ္ထုတွင်းလုပ်ငန်းတို့မှ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္ထုရှာဖွေရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာများမှ နည်းပညာကျွမ်းကျင်သူများ၊ www.flooddroughtmonitor.com portal မှ သတင်းအချက်အလက်များအသုံးပြုလျက်ရှိသည့်ပုဂ္ဂိုလ်များနှင့် Denish Hydraulic Institute (DHI) မှ တာဝန်ရှိသူ(၃)ဦး၊ စုစုပေါင်း(၅၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။     ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြေားကြားရာတွင် ယနေ့ကမ္ဘာကြီးတွင် သဘာဝပတ်ဝန်းကျင်ယိုယွင်းပျက်စီးလာခြင်းနှင့်အတူမိုးခေါင်မှု၊ ရေကြီးမှု၊ မြေပြိုမှု၊ မြေဆီလွှာပြုန်းတီးမှု၊ သဲကန္တာရ ဖြစ်ထွန်းလာမှု၊ တောမီးလောင်မှု၊ မုန်တိုင်းမကြာခဏကျရောက်မှု၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုစသည့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပြဿနာများကို ပိုမိုရင်ဆိုင်လာကြရပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း ရာသီဥတုဆိုင်ရာဆိုးကျိုးများကို ယခင်ကထက်ပိုမိုကြုံတွေ့ခံစားနေရပြီး လက်တလော တွင် ရေကြီးမှုဖြစ်စဉ် များကို မျက်မြင်ကိုယ်တွေ့ ရင်ဆိုင်ခံစားနေရပါကြောင်း။       မြန်မာနိုင်ငံအနေဖြင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဘေးအန္တရာယ်များလျှော့ချနိုင်ရန်နှင့် ရာသီဥတု ပြောင်းလဲမှုနှင့် လိုက်လျောညီထွေနေနိုင်ရန် အပြည်ပြည်ဆိုင်ရာအပါအဝင် ဒေသတွင်း အိမ်နီးချင်း နိုင်ငံများနှင့်ပါ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျော ညီထွေရှိစေရေးအတွက် အဓိကလုပ်ငန်းစဉ်များ ဖြစ်သည့် “မြန်မာနိုင်ငံရာသီဥတုပြောင်းလဲမှုဆိုင်ရာမူဝါဒ၊ မြန်မာနိုင်ငံရာသီဥတုပြောင်းလဲမှုဆိုင်ရာမဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၃၀)” ကို နိုင်ငံတော်အစိုးရက ချမှတ်ထုတ်ပြန်ခဲ့ပြီး ၂၀၁၉ခုနှစ် ဇွန်လ၅ရက်နေ့တွင် ကျင်းပခဲ့သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားတွင် မိတ်ဆက်ကြေညာပြီးဖြစ်ပါကြောင်း။     မိုးခေါင်ရေရှာခြင်းနှင့် ရေကြီးရေလျှံခြင်းကိစ္စများတွင် အဆင့်မြင့်သိပ္ပံနည်းကျအချက်အလက်များနှင့် စီမံခန့်ခွဲမှုအားကောင်းလာစေရန် ဒိန်းမတ်အခြေစိုက် DHI နှင့်ပူးပေါင်းပြီး CTCN ၏နည်းပညာပံ့ပိုးမှု၊ ကမ္ဘာလုံးဆိုင်ရာအစိမ်းရောင်ရန်ပုံငွေအဖွဲ့ (GCF)၏ ငွေကြေးအထောက်အပံ့ဖြင့် စီမံကိန်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း။     စီမံကိန်း၏အဓိက ရည်ရွယ်ချက်မှာ ရာသီဥတုပြောင်းလဲမှုနှင့်လိုက်လျောညီထွေရှိမှုကဏ္ဍများတွင် တိုးမြှင့်ဆောင်ရွက်နိုင်ရန်၊ ရေကြီးရေလျှံမှုနှင့်ဆက်နွယ်သည့် သတင်း အချက်အလက် များနှင့်ပတ်သက်၍ စိုက်ပျိုးရေး၊ စက်မှု၊ ပညာရေးနှင့် သုတေသနကဏ္ဍတို့တွင် ထိရောက်စွာဆောင်ရွက်နိုင်ရန်၊ မြန်မာနိုင်ငံတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော National Adaptation Program of Action (NAPA) နှင့် မကြာမီကထုတ်ပြန်ပြီးဖြစ်သည့် မြန်မာနိုင်ငံရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပင်မလုပ်ငန်းအစီအစဉ်ကို အကောင်အထည်ဖော်ရာတွင် အထောက်အကူဖြစ်စေရန်ဖြစ်ပါကြောင်း၊ စီမံကိန်းကို ၁၃.၇.၂၀၁၈ တွင် စတင်ခဲ့ပြီး  ၃၁.၈.၂၀၁၉ တွင် သက်တမ်းကုန်ဆုံးမှာဖြစ်သည့်အတွက် Final Technical Training နှင့် စီမံကိန်းအပြီးသတ် အခမ်းအနားကိုကျင်းပရခြင်းဖြစ်ကြောင်း၊ စီမံကိန်းကာလအတွင်း Myanmar Flood and Drought Portal တည်ထောင်ထားရှိခဲ့ခြင်း၊ Portal မှ သတင်းအချက်အလက်များ အသုံးပြုလျက်ရှိသည့် ဌာနဆိုင်ရာများနှင့်အဖွဲ့အစည်းများသို့ Portal အသုံးပြုခြင်းနည်းပညာများ လေ့ကျင့်သင်ကြာပေးခြင်းကို (၂) ကြိမ်ပြုလုပ်ခဲ့ပြီး Portal မှရရှိသည့် သတင်းအချက်အလက်များကို မြေပြင်သတင်းအချက်အလက်နှင့် တိုက်ဆိုင်စိစစ်၍ အတည်ပြုခြင်း (Data Validation) တို့ကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။      ယခုအသုံးပြုနေသည့် Myanmar Flood and Drought Web Portal ကို   DHI ၏အစီအစဉ်ဖြင့် ဒိန်းမတ်နိုင်ငံတွင်တည်ထောင်ထားပြီးစီမံကိန်းကာလအတွင်းနှင့် နောက်ထပ် (၅)နှစ်မှာ Web Portal ကို အခမဲ့အသုံးပြုနိုင်မှာဖြစ်ကြောင်း၊ (၅)နှစ် သက်တမ်းပြီးနောက် လက်ရှိ www.flooddrought monitor.com နှင့် နည်းပညာအကူအညီများ၏ရလဒ်များကို အခြေခံချိတ်ဆက်၍ မြန်မာနိုင်ငံအတွက် အရေးပါသည့် ရေကြီးခြင်း၊ မိုးခေါင်ခြင်းဆိုင်ရာအချက်အလက်များနှင့် ပတ်သက်သည့် အလားတူ နည်းပညာမြင့် web portal တစ်ခုကို နိုင်ငံအတွင်း ထူထောင်နိုင်ရန်အတွက် စီမံကိန်းအဆိုပြုလွှာတစ်ခုကို DHI ၏ အကူအညီဖြင့်ပြုစုပြီး ရန်ပုံငွေအထောက်အပံ့ရရှိရေးအတွက် GCF သို့ တင်ပြလျှောက်ထားသွားမှာ ဖြစ်ကြောင်း။     Final Technical Training တွင် နည်းပညာရပ်ပိုင်းဆိုင်ရာကိစ္စရပ်များကို အထူးပြုဆွေးနွေးမှာ ဖြစ်သည့်အတွက် အားတက်သရောပါဝင်ဆွေးနွေးကြရန်နှင့် သိရှိလိုသည်များကိုမေးမြန်းကြရန် တိုက်တွန်း လိုကြောင်း၊ Web portal တွင် ပါဝင်သည့် အချက်အလက်များကိုအသုံးပြုပြီး ရာသီဥတုပြောင်းလဲမှုနှင့် ပတ်သက်သည့် အသိပညာ ပေးခြင်းနှင့်စွမ်းဆောင်ရည်မြှင့်တင်ခြင်း လုပ်ငန်းများဆောင်ရွက်နိုင်ရန်၊ လက်ရှိဆောင်ရွက်နေသည့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ၊ မိုးလေဝသဆိုင်ရာ၊ ရေနှင့်စိုက်ပျိုးရေးဆိုင်ရာ လုပ်ငန်းအစီအစဉ်များနှင့် ချိတ်ဆက်ပြီးနည်းပညာများပိုမိုအသုံးပြုနိုင်ရန်နှင့် ဗဟုသုတ၊ အလေ့အကျင့်၊ နည်းပညာများကို ပိုမိုသိရှိနားလည်လာစေပြီး လက်တွေ့ကျင့်သုံးလာနိုင်ရန် စသည့်အကျိုးရလဒ်များ ရရှိစေဖို့မျှော်လင့်ပါကြောင်း။     နိဂုံးချုပ်အနေဖြင့်ပါဝင်တက်ရောက်သူများ၏ ဆွေးနွေးအကြံပြုမှုများသည် စီမံကိန်းလုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်နိုင်ရန်အပြင် မြန်မာနိုင်ငံအနေဖြင့် လက်ရှိကြုံတွေ့ ခံစားနေရသည့် ရေကြီးရေလျှံခြင်းနှင့် မိုးခေါင်ခြင်းလျော့ကျစေရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်မှာ ဖြစ်ကြောင်း၊ စီမံကိန်းအကောင်အထည်ဖော်နိုင်ရန်အတွက် နည်းပညာပိုင်းဆိုင်ရာပံ့ပိုးပေးသည့် CTCN နှင့် DHI၊ ရန်ပုံငွေထောက်ပံ့ပေးသည့် GCF နှင့် Hydro and Agro Informatics Institute of Thailand တို့ကိုလည်းအထူးကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့ပါသည်။