အဆင့်မြင့်သိပ္ပံနည်းကျသတင်းအချက်အလက်များနှင့် စီမံခန့်ခွဲမှုမှတစ်ဆင့် မြန်မာနိုင်ငံတွင် မိုးခေါင်ရေရှားခြင်းနှင့် ရေကြီးရေလျှံမှုများကို စီမံခန့်ခွဲမှုအားကောင်းလာစေရေးစီမံကိန်း

အဆင့်မြင့်သိပ္ပံနည်းကျသတင်းအချက်အလက်များနှင့် စီမံခန့်ခွဲမှုမှတစ်ဆင့် မြန်မာနိုင်ငံတွင် မိုးခေါင်ရေရှားခြင်းနှင့် ရေကြီးရေလျှံမှုများကို စီမံခန့်ခွဲမှုအားကောင်းလာစေရေးစီမံကိန်း (strengthened drought and flood management through improved science-based information availability and management in Myanmar) ၏ Second Technical Training for Myanmar Flood and Drought Portal နှင့်စပ်လျဉ်း၍သတင်းထုတ်ပြန်ချက်
၂၀၁၉ ခုနှစ် ဧပြီလ ၂ ရက်နေ့ နံနက် (၀၉:၀၀)နာရီတွင် နေပြည်တော်ရှိ Aureum Palace Hotel ၌ ကျင်းပပြုလုပ်သော “အဆင့်မြင့်သိပ္ပံနည်းကျ သတင်းအချက်အလက်များနှင့် စီမံခန့်ခွဲမှုမှ တစ်ဆင့် မြန်မာနိုင်ငံတွင် မိုးခေါင်ရေရှားခြင်းနှင့် ရေကြီးရေလျှံမှုများကို စီမံခန့်ခွဲမှုအားကောင်း လာစေရေး စီမံကိန်း၏ Second Technical Training for Myanmar Flood and Drought Portal သို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး တက်ရောက် အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ 
အဆိုပါ Technical Training ဖွင့်ပွဲအခမ်းအနားသို့ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ သစ်တောဦးစီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနနှင့် မြေတိုင်းဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ များမှ နည်းပညာကျွမ်းကျင်သူများ၊ www.flooddroughtmonitor.com portal မှ သတင်းအချက်အလက်များအသုံးပြုလျက်ရှိသည့်ပုဂ္ဂိုလ်များနှင့် Denish Hydraulic Institute (DHI)မှ Senior Officer ဖြစ်သူ Mr. Hans Christian Ammentorp, Senior Officer၊ Project Manager ဖြစ်သူ Ms. Silvia  Leiriao နှင့် Water Resource Engineer ဖြစ်သူ Mr. Bertrand Richaud (၄၂)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။ 
ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကမ္ဘာကြီးမှာ သဘာဝ ပတ်ဝန်းကျင်ယိုယွင်းပျက်စီးလာတာနှင့်အတူ တစ်ဖက်ကလည်း ရာသီဥတုပြောင်းလဲမှု၏ နောက်ဆက်တွဲဆိုးကျိုးများဖြစ်သော မိုးခေါင်မှု၊ ရေကြီးမှု၊ မြေပြိုမှု၊ မြေဆီလွှာပြုန်းတီးမှု၊ သဲကန္တာရဖြစ်ထွန်းလာမှု၊ တောမီးလောင်မှု၊ မုန်တိုင်းမကြာခဏကျရောက်မှု၊ ပင်လယ်ရေ မျက်နှာပြင်မြင့်တက်လာမှုစသည့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာပြဿနာများကို ရင်ဆိုင် နေကြရပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း အခြားကမ္ဘာ့နိုင်ငံများနည်းတူ ရာသီဥတု ပြောင်းလဲမှုဆိုးကျိုးများကို နှစ်စဉ်ကြုံတွေ့နေရပြီး နိုင်ငံ၏ပထဝီမြေမျက်နှာသွင်ပြင် အနေအထားအရ ရှည်လျားတဲ့ကမ်းရိုးတန်းဒေသနဲ့ မြစ်ချောင်းများကို ပိုင်ဆိုင်ထားသည့်အတွက် မိုးခေါင်ခြင်း၊ ရေကြီးခြင်းတို့ကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများကို တစ်နှစ်ထက်တစ်နှစ် ပိုမိုခံစားနေရပါကြောင်း။
 အဆိုပါရာသီဥတုပြောင်းလဲမှုဆိုးကျိုးများကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် အပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုသည် အလွန်အရေးကြီးကြောင်းအလေးအနက် ခံယူထားတဲ့ အလျောက် ၁၉၉၂ ခုနှစ် ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်း (UNFCCC)နှင့် ၁၉၉၇ ခုနှစ် ကျိုတိုနောက်ဆက်တွဲစာချုပ် (Kyoto Protocol) တွေမှာ အဖွဲ့ဝင်အဖြစ်ပါဝင်ဆောင်ရွက်လျက်ရှိပြီး ၂၀၁၅ ပါရီသဘောတူညီချက်ကို ပါဝင်လက်မှတ် ရေးထိုးခဲ့ကာ ချမှတ်ထားသော သဘောတူညီချက်များတွင် ပါဝင်အကောင်အထည်ဖော်နိုင်ရန် အတွက် ဆောင်ရွက်လျက်ရှိပါကြောင်း။
ထို့အပြင် နိုင်ငံ၏ တစ်ဖြည်းဖြည်းပြောင်းလဲလာသော ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆိုးကျိုးများကြောင့် ဖြစ်ပေါ်လာနိုင်သည့် ထိခိုက်လွယ်မှု ဘေးအန္တရာယ်များကို စနစ်တကျ ထိရောက်စွာ ဖြေရှင်းနိုင်ရန်အတွက်  မြန်မာနိုင်ငံ အမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒ၊ မြန်မာနိုင်ငံရာသီဥတု ပြောင်းလဲမှု ဆိုင်ရာမူဝါဒ၊ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်တို့ကို ရေးဆွဲ ဆောင်ရွက်ခဲ့ပြီး နိုင်ငံတော်သမ္မတရုံးက အတည်ပြုပြီးဖြစ်တဲ့အတွက် မကြာခင် ထုတ်ပြန်ကြော်ငြာနိုင်တော့မှာ ဖြစ်ပါကြောင်း။
ရာသီဥတုပြောင်းလဲမှုလျှော့ချနိုင်ရေးနှင့် ရာသီဥတုပြောင်းလဲမှုကို လိုက်လျောညီထွေ ဖြစ်အောင် နေထိုင်နိုင်ရန်အတွက် ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ မူဝါဒ၊ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်များ ရေးဆွဲပြီး အကောင်အထည်ဖော်ရာတွင် နည်းပညာပိုင်းဆိုင်ရာ တိုးတက်မှုသည်လည်း အဓိက အရေးပါသောကဏ္ဍ တစ်ခုဖြစ်ပါကြောင်း။
ထို့ကြောင့် ၂၀၁၂ ခုနှစ်မှာ ချမှတ်ခဲ့သော အမျိုးသားအဆင့် ရာသီဥတု ပြောင်းလဲမှုနှင့် လိုက်လျောညီထွေရှိစေရေး လုပ်ငန်းအစီအစဉ် (National Adaptation Plan of Action - NAPA) ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်နှင့် ရေကြီးရေလျှံမှု၊ မိုးခေါင် ရေရှားမှုတွေနဲ့ ပတ်သက်သောသတင်းအချက်အလက်များကို သိပ္ပံနည်းကျရယူနိုင်ရန်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် အဆင့်မြင့်သိပ္ပံနည်းကျ သတင်း အချက်အလက် များနှင့် စီမံခန့်ခွဲမှုမှတစ်ဆင့် မြန်မာနိုင်ငံရှိ မိုးခေါင်ရေရှားခြင်းနှင့် ရေကြီးရေလျှံမှုများကို စီမံခန့်ခွဲမှုအားကောင်းလာစေရေးစီမံကိန်းကို   Green Climate Fund (GCF) ရဲ့ ရန်ပုံငွေ အထောက်အပံ့၊ Climate Technology Center and Network (CTCN)၏ နည်းပညာ အကူအညီဖြင့် Service Provider အဖြစ်  DHI က အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ ပါကြောင်း။
    စီမံကိန်း ရလဒ်အနေဖြင့် ဒိန်းမတ်နိုင်ငံမှာ အခြေစိုက်တည်ထောင်ထားသော Myanmar Flood and Drought  Portal ကနေ မြန်မာနိုင်ငံအတွင်း ဒေသအလိုက်နှင့် ကာလ အပိုင်းအခြားအလိုက် ဖြစ်ပေါ်နေသော ရေကြီးခြင်း၊ မိုးခေါင်ရေရှားခြင်းတို့နဲ့ ပတ်သက်သည့်  Remote Sensing Data နှင့် သတင်းအချက်အလက်များကို ရယူနိုင်မှာဖြစ်ပြီး မြန်မာနိုင်ငံအနေနဲ့ အဆိုပါသတင်းအချက်အလက်များကို နောက်ထပ် (၅)နှစ်ကြာအထိ အခမဲ့ အသုံးပြုနိုင်မှာဖြစ်ပါကြောင်း။
Web Portal ကို အသုံးပြုနည်းနဲ့ ပတ်သက်လို့ First Technical Training ကို   (၁၉-၂-၂၀၁၉) ရက်နေ့တွင် ကျင်းပနိုင်ခဲ့ပြီး  ယခုကျင်းပမယ့် Second Technical Training Session မှာလည်း ဌာနအသီးသီးက တက်ရောက်လာသော နည်းပညာဆိုင်ရာ ကျွမ်းကျင်သူများအား  Flood and Drought Portal အသုံးပြုခြင်းဆိုင်ရာ နည်းပညာတွေကို ကျွမ်းကျင်အဆင့်ဖြစ်တဲ့ အထိအသုံးပြုနိုင်အောင် လေ့ကျင့်သင်ကြားပေးမည်ဖြစ်တဲ့အတွက် နိုင်ငံအတွက် အလွန်အကျိုးရှိစေမယ့် Technical Training တစ်ခုဖြစ်ပါကြောင်း။
ယနေ့တက်ရောက်လာကြသူများအနေနဲ့ အားတက်သရော ပါဝင်ဆွေးနွေးကြဖို့နဲ့  Training ပြီးတဲ့နောက်မှာလည်း Portal မှာပါဝင်တဲ့ အချက်အလက်များကို လက်တွေ့ အသုံးပြုပြီး ရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သက်သည့် အသိပညာပေးခြင်းနဲ့ စွမ်းဆောင်ရည် မြှင့်တင်ခြင်းလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့၊ လက်ရှိဆောင်ရွက်နေတဲ့ ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ၊ မိုးလေဝသဆိုင်ရာ နဲ့၊ ရေနဲ့စိုက်ပျိုးရေးဆိုင်ရာလုပ်ငန်းအစီအစဉ်တွေနဲ့ ချိတ်ဆက်ပြီး နည်းပညာများကို ပိုမိုအသုံးပြုနိုင်ဖို့နဲ့ လက်တွေ့အသုံးဝင်သောရေနှင့် စိုက်ပျိုးရေးဆိုင်ရာ ဗဟုသုတ၊ အလေ့အကျင့်၊ နည်းပညာတွေကို ဆုံးဖြတ်ပေးနိုင်သူတွေနှင့် သက်ဆိုင်ရာပါဝင် ပတ်သက်သူများ သိရှိနားလည်လာပြီး လက်တွေ့ကျင့်သုံးလာနိုင်ဖို့ စသည့်အကျိုးရလဒ်တွေရရှိဖို့ မျှော်လင့်ပါကြောင်း။
 Myanmar flood and drought  Portal ပေါ်ပေါက်လာစေဖို့ နည်းပညာပိုင်းဆိုင်ရာ အဓိကကူညီပံ့ပိုးပေးသော ဒိန်းမတ်နိုင်ငံ Denish Hydraulic Institute (DHI)မှ တာဝန်ရှိသူများကို မြန်မာနိုင်ငံကိုယ်စား အထူးကျေးဇူးတင်ရှိကြောင်းနဲ့ ယနေ့Technical Training ကို တန်ဖိုးရှိလှတဲ့ အချိန်တွေပေးပြီး တက်ရောက်လာကြသော ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာများနှင့် နည်းပညာဆိုင်ရာ ကိုယ်စားလှယ်များ အားလုံးကိုလည်း ကျေးဇူးတင်ရှိကြောင်း၊ ပါဝင်တက်ရောက်များအနေဖြင့်လည်း စီမံကိန်း လုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်နိုင်ဖို့အပြင် ယနေ့သင်ကြားဆွေးနွေးမယ့် အချက်အလက်များကို မိမိတို့၏ဌာနအလိုက် ဆောင်ရွက်နေကြသော ရာသီဥတုပြောင်းလဲမှုကို လိုက်လျောညီထွေရှိစေရေးလုပ်ငန်းများတွင်  ထိရောက်အကျိုးရှိစွာ အသုံးချ ဆောင်ရွက်နိုင် ကြရန် ကြိုးပမ်းဆောင်ရွက်ကြပါလို့  တိုက်တွန်းကြောင်း ပြောကြားခဲ့ပါသည်။ 
အဆိုပါ Technical Training ကို (၂-၄-၂၀၁၉)ရက်နေ့မှ (၄-၄-၂၀၁၉) ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။