အမျိုးသားပတ်ဝန်းကျင်ရေးရာပင်မလုပ်ငန်းအစီအစဉ်နှင့် စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း

အမျိုးသားပတ်ဝန်းကျင်ရေးရာပင်မလုပ်ငန်းအစီအစဉ်နှင့် စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း

(၂၉-၁၁-၂၀၁၉)

 “အမျိုးသားပတ်ဝန်းကျင်ရေးရာပင်မလုပ်ငန်းအစီအစဉ်နှင့်စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲ” ကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့(သောကြာနေ့)၊ နံနက် (၀၉:၃၀) နာရီတွင် နေပြည်တော် Park Royal Hotel၊ Yadanar Ballroom ၌ ကျင်းပရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်း တက်ရောက်အမှာစကား ပြောကြားပါသည်။

ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းကို အကောင်အထည်ဖော်ရာတွင် လူမှုစီးပွားဖွံ့ဖြိုးမှုအတွက် အခြေခံကျသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို နယ်ပယ် ကဏ္ဍအသီးသီး၏ ဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်းများတွင် ထည့်သွင်းပေါင်းစပ် အကောင်အထည်ဖော် နိုင်ရေးအတွက် မြန်မာနိုင်ငံအမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၀၁၉ ခုနှစ်၊ မေလ ၁၅ ရက်နေ့ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၇/၂၀၁၉) ဖြင့် အတည်ပြု ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ အတည်ပြုထုတ်ပြန်ပြီးဖြစ်သော မြန်မာနိုင်ငံ အမျိုးသားပတ်ဝန်းကျင် ရေးရာမူဝါဒ၏ ရေရှည်မျှော်မှန်းချက်များ အကောင်အထည်ဖော်ရန်နှင့် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲရေးတို့ကို နယ်ပယ် ကဏ္ဍအသီးသီးတွင် ထည့်သွင်းပေါင်းစပ် ဆောင်ရွက်နိုင်ရန်နှင့် လမ်းညွှန်မူဘောင်အဖြစ် ချမှတ် ထားသော အခြေခံမူ (၂၃) ချက်ကို အကောင်အထည်ဖော်ရေးအတွက် မြန်မာနိုင်ငံအမျိုးသား ပတ်ဝန်းကျင်ရေးရာမဟာဗျူဟာမူဘောင်ရေးဆွဲခြင်း လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက် ခဲ့ကြောင်း၊ အဆိုပါမဟာဗျူဟာမူဘောင်၏ အဓိကဦးစားပေးလုပ်ငန်းများနှင့် ပတ်ဝန်းကျင်စီမံ အုပ်ချုပ်မှု ဆိုင်ရာလုပ်ငန်းများကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အမျိုးသား အဆင့်ပတ်ဝန်းကျင်ရေးရာပင်မလုပ်ငန်းအစီအစဉ်ကို ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (UNDP) ၏ နည်းပညာအကူအညီဖြင့် ဆက်လက်ရေးဆွဲခဲ့ကြောင်း၊ အဆိုပါပင်မလုပ်ငန်း အစီအစဉ် တွင် အမျိုးသားအဆင့် လေထု၊ ရေထုအရည်အသွေး စီမံခန့်ခွဲမှုအစီအစဉ်များ၊ ပတ်ဝန်းကျင် စောင့်ကြည့်စစ်ဆေးရေးအစီအစဉ်များ ပါဝင်သကဲ့သို့ နယ်ပယ်ခေါင်းစဉ်အလိုက် အဓိကဦးစားပေး လုပ်ငန်း (၁၁) ခု ခွဲခြားထားရုံသာမက ဇီဝမျိုးစုံမျိုးကွဲ၊ မြေအသုံးချမှု၊ ကမ်းရိုးတန်း‌ဂေဟစနစ်တွေ အပါအဝင် ရေအရင်း အမြစ်နဲ့ မြစ်ဝှမ်းများသန့်ရှင်းကောင်းမွန်စွာ လည်ပတ်ရေးသာမက စွမ်းအင်၊ စွန့်ပစ်ပစ္စည်းစီမံ ခန့်ခွဲမှုစသဖြင့် နယ်ပယ်အလိုက် အသေးစိတ် အကောင်အထည်ဖော်ရမည့် အချက် များကိုလည်း ထည့်သွင်း ရေးဆွဲထားကြောင်း၊ ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများ၊ သဘာဝ ပတ်ဝန်းကျင်ယိုယွင်းပျက်စီးမှုများ လျော့ပါးသက်သာစေရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများကို နယ်ပယ်ကဏ္ဍအသီးသီးတွင် အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မည်ဆိုပါက မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP)၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ (SDGs) နှင့် မြန်မာနိုင်ငံ အမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒ၏ ရေရှည်မျှော်မှန်းချက်၊ ရည်ရွယ်ချက်၊ အခြေခံမူများကို အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း၊ သန့်ရှင်းသောပတ်ဝန်းကျင်နှင့် ကောင်းမွန်သော ဂေဟစနစ်ကို အနာဂတ်မျိုးဆက်သစ်များထံ လက်ဆင့်ကမ်း လွှဲပြောင်းပေးနိုင်မည်ဖြစ်ကြောင်းနှင့် နယ်ပယ်ခေါင်းစဉ်အလိုက် အဓိက ဦးစားပေး လုပ်ငန်းများအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို အမျိုးသားအဆင့်၊ တိုင်းဒေသကြီး/ပြည်နယ် အဆင့်အထိ အမှန်တကယ်ဆောင်ရွက်ရာတွင် လိုအပ်သော လုပ်ငန်းစဉ်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြရန် မေတ္တာရပ်ခံပါကြောင်း ပြောကြားပါသည်။

ဆက်လက်၍ Mr. Gordon E.Johnson (Resident Representative a.i., United Nations Development Programme) က နှုတ်ခွန်းဆက် အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ အမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒသည် ပတ်ဝန်းကျင်ဆိုင်ရာစီမံခန့်ခွဲမှုအတွက် လမ်းပြမြေပုံ တစ်ခုဖြစ်ကြောင်း၊ ယခုရေးဆွဲလျက်ရှိသော ပင်မလုပ်ငန်းအစီအစဉ်ဟာ မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းနဲ့  မြန်မာနိုင်ငံအမျိုးသားပတ်ဝန်းကျင် ရေးရာမူဝါဒတို့နဲ့ လိုက်လျောညီထွေ ရှိသလို ရေရှည်ဖွံ့ဖြိုးမှုပန်းတိုင်များရဲ့ ရည်မှန်းချက်တွေကို ရရှိစေရန် ရေးဆွဲထားခြင်းဖြစ်ကြောင်း၊ ရေရှည်ဖွံ့ဖြိုးမှုပန်းတိုင်များ (SDGs) သည် ကမ္ဘာ့နိုင်ငံ အားလုံးမှာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ဂေဟစနစ်များ ကာကွယ်ထိန်းသိမ်းရေးနှင့် လူသားအားလုံး ကျန်းမာပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်နိုင်စေရန် ရည်ရွယ်ထားခြင်း ဖြစ်ကြောင်း၊  ဥပမာပြောရမယ် ဆိုရင် လူသားတွေရဲ့ စားဝတ်နေရေးကို အဓိက ထောက်ပံ့ပေးနေတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ဦးစားပေး မ​ဆောင်ရွက်ခဲ့လျှင် ပန်းတိုင် (၁) နှင့် ပန်းတိုင် (၂) ဖြစ်တဲ့ ဆင်းရဲ နွမ်းပါးမှုလျှော့ချရေးနှင့် ငတ်မွတ်ခေါင်းပါးမှုနှင့် အာဟာရမပြည့်ဝမှုပပျောက်ရေးလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်မှာ မဟုတ်ကြောင်း၊ ဦးစားပေးကဏ္ဍများ ခွဲခြားထားပြီး  ဆက်စပ် ဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်မှုတွေ ပါဝင်တာကို တွေ့ရကြောင်း၊ ယနေ့အစည်း အဝေး ကျင်းပရခြင်း ရည်ရွယ်ချက်ကတော့ ပင်မလုပ်ငန်းအစီအစဉ်၏ ဖွဲ့စည်းပုံနှင့် ပါဝင်သော အချက်အလက်များအပေါ် သဘောထားမှတ်ချက်ပေးနိုင်ရန်နှင့် အကောင်အထည်ဖော် ဆောင်ရွက် ရာတွင် လိုအပ်သော ဦးစားပေးကဏ္ဍများ၊ ရည်မှန်းချက်များနှင့် တာဝန်ဝတ္တရားများကို ရှင်းလင်းစွာ သတ်မှတ်ရေးဆွဲနိုင်ရန်အတွက် ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုပါကြောင်း ပြောကြားပါသည်။

အဆိုပါအစည်းအဝေးသို့ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအမျိုးသားပတ်ဝန်းကျင်ရေးရာ ပင်မလုပ်ငန်းအစီအစဉ် ရေးဆွဲရေးနည်းပညာ လုပ်ငန်းအဖွဲ့ဝင်များ၊ ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် များမှ ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) မှ ဌာနေကိုယ်စားလှယ်နှင့် တာဝန် ရှိသူများ၊ မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူများ စုစုပေါင်း(၁၂၀) ဦးတက်ရောက်ပါသည်။ အစည်းအဝေးတွင် ပင်မလုပ်ငန်းအစီအစဉ် နှင့် စပ်လျဉ်းသည့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများနှင့် အဓိကဉီးစားပေးကဏ္ဍများရှိ ရည်မှန်းချက်များ၊ ညွှန်ကိန်းများ၊ ဉီးဆောင်အဖွဲ့အစည်း သတ်မှတ်ခြင်းနှင့် ကာလသတ်မှတ်ခြင်း ဆိုင်ရာ ကဏ္ဍများကို အုပ်စုများခွဲ၍ ဆွေးနွေးညှိနှိုင်းကြပြီး အစည်းအဝေးကို ညနေ (၁၇:၀၀) နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန