အမျိုးသားအဆင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ သတ္တမအကြိမ် ညှိနှိုင်းအစည်းအဝေး(နေပြည်တော်၊ မတ် ၈)

အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ၏သတ္တမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အင်ကြင်း ခန်းမ၌ ကျင်းပရာ အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာဗဟိုကော်မတီ နာယက၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။ အစည်းအဝေးသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီဝင် များ၊ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌများဖြစ်သည့် နေပြည်တော် ကောင်စီဝင် ဦးတင်ထွန်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ လုပ်ငန်းကော်မတီ ( ၆ ) ခုမှ တာဝန်ရှိပုဂ္ဂိုလ်များ၊အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများမှကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယသမ္မတက ယခုအခါ နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်လာမှုနှင့်အတူ ပြည်တွင်း/ပြည်ပရင်းနှီးမြှုပ်နှံမှုများ၊ စက်မှုလုပ်ငန်းများနှင့် မြို့ပြ တိုးချဲ့ခြင်းလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ သယံဇာတယိုယွင်းပျက်စီးမှုစသည့် သဘာဝဂေဟစနစ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာထိခိုက်မှုများ မဖြစ်ပွားစေရေးအတွက် ခိုင်မာအားကောင်းသည့် “ပတ်ဝန်းကျင်ဆိုင်ရာ အုပ်ချုပ်မှုစနစ်” ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှသာ “ရေရှည်စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်မှု” ကို ရနိုင်မည်ဆိုသည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ကဏ္ဍအသီးသီး၏ စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်သည့်အခါ မြန်မာနိုင်ငံအမျိုးသားပတ်ဝန်းကျင်ရေးရာ မူဝါဒပါ “မြန်မာနိုင်ငံတွင်း မှီတင်းနေထိုင်နေကြသူအားလုံး၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာပျော်ရွှင်ရေးအတွက် သန့်ရှင်းသောပတ်ဝန်းကျင်နှင့် ကောင်းမွန်သော ဂေဟစနစ်ကို ထိန်းသိမ်းနိုင်ရန်” ဟူသည့် ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ရေးအတွက် ပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များကို ဆက်စပ် ပတ်သက်သူအားလုံးက ဟန်ချက်ညီညီ ပူးပေါင်းကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။

လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘာဝသယံဇာတအရင်းအမြစ်များအပေါ် မှီခိုနေရသကဲ့သို့ တစ်ဆက်တည်းမှာပင် ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်လွယ်သော ဒေသများဖြစ်သည့် ကမ်းရိုးတန်းဒေသများနှင့် အပူပိုင်းဒေသများတွင် ရေလုပ်ငန်း၊ စိုက်ပျိုးရေး လုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများအပေါ်များစွာ မှီခိုနေရသည့်အတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများအပြင် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးနှင့် လိုက်လျောညီထွေ ရှိစေရေးအတွက် ရေရှည်မဟာဗျူဟာတစ်ရပ် လိုအပ်နေသည်ဆိုသည်မှာ အထင်အရှားပင် ဖြစ်ပါကြောင်း။ ထို့ကြောင့် “အမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒ” ကို နိုင်ငံတော်က အတည်ပြုပြီး ဖြစ်သည့်အပြင် ရာသီဥတုပြောင်းလဲမှုနှင့်စပ်လျဉ်း၍ “မြန်မာနိုင်ငံတွင် ပစ္စုပ္ပန်နှင့် အနာဂတ်မျိုးဆက်များ၏ ချမ်းသာသုခရရှိစေရေးအတွက် ရေရှည်တည်တံ့သော၊ ကြွယ်ဝချမ်းသာမှု ရှိသော၊ အားလုံးပါဝင်သော ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိပြီး ကာဗွန်(ထုတ်လွှတ်မှု) လျော့နည်းသော လူမှုအဖွဲ့အစည်းတစ်ရပ် ဖြစ်လာစေရန်” မျှော်မှန်းထားသည့် “မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာမူဝါဒ၊ ၂၀၃၀ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်များ” ကို ပြည်ထောင်စု အစိုးရအဖွဲ့မှ အတည်ပြုပြီးဖြစ်သည့်အတွက် မကြာမီ ထုတ်ပြန်နိုင်တော့မည် ဖြစ်ပါကြောင်း။ ယခုကဲ့သို့ မူဝါဒ၊ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်များကို ရေးဆွဲထုတ်ပြန်နိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းကူညီဆောင်ရွက်ပေးခဲ့ကြသည့် ကော်မတီဝင်များ၊ ဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် နယ်ပယ်အသီးသီးမှ တာဝန်ရှိသူများ၊ နည်းပညာနှင့် ဘဏ္ဍာငွေအထောက်အပံ့ပေးခဲ့ကြသော နိုင်ငံတကာအဖွဲ့အစည်းများအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း။ ယခုအခါ ပေါင်းစပ်ညှိနှိုင်း အကောင်အထည်ဖော်ဆောင်ရွက်ပေးမည့် အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ (၆)ခု၊ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အဆင့် ကြီးကြပ်မှုကော်မတီ (၁၅ )ခု၊ ခရိုင်အဆင့် ( ၄၆ )ခု၊ မြို့နယ်အဆင့်( ၁၅၂ )ခုတို့ကို ဖွဲ့စည်းထားပြီးဖြစ်သကဲ့သို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ရေရှည်ဆောင်ရွက်သွားမည့် လမ်းပြမြေပုံအဖြစ် မူဝါဒ၊ မဟာဗျူဟာ၊ ပင်မ လုပ်ငန်းအစီအစဉ်များကိုလည်း ရေးဆွဲပြီးဖြစ်သည့်အတွက် ကဏ္ဍအသီးသီး၊ အလွှာအသီးသီးတွင် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရမည့် အခြေအနေကောင်းများ အဆင်သင့်ရှိနေပြီဖြစ်ပါကြောင်း။ ထို့ကြောင့် သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့် မိမိတို့နှင့် သက်ဆိုင်ရာကဏ္ဍများတွင်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရန် လိုအပ်သည့်ရန်ပုံငွေရရှိရေးအတွက် နိုင်ငံတကာမှ အထောက်အပံ့များရရှိအောင် ချိတ်ဆက်ဆောင်ရွက် သွားရမည်ဖြစ်သည့်အပြင် သက်ဆိုင်ရာအစိုးရဌာနများအနေဖြင့်လည်း ဘဏ္ဍာရေးနှစ်အလိုက် ဦးစားပေးလုပ်ငန်းများရွေးချယ်ပြီး နှစ်စဉ်ဘဏ္ဍာငွေရရှိရေး ထည့်သွင်းလျာထားရေးဆွဲရန် လိုအပ်မည်ဖြစ်ပါကြောင်း။

ယခင်ကျင်းပပြီးစီးခဲ့သည့် ဗဟိုကော်မတီအစည်းအဝေး(၆)ကြိမ်တွင် အစည်းအဝေးဆုံးဖြတ်ချက်ပေါင်း (၈၄)ချက် ချမှတ်ခဲ့ရာ ဆောင်ရွက်ပြီး(၄၂)ချက်နှင့် ရေရှည်ဆောင်ရွက် ရမည့် (၄၂)ချက်ရှိသည်ကို တွေ့ရပါကြောင်း၊ အဆိုပါအစည်းအဝေးဆုံးဖြတ် ချက်များအပေါ် ကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့်လုပ်ငန်းများမှာ စက်မှုဇုန်များတွင် စွန့်ပစ်ပစ္စည်းစီမံမှု လုပ်ငန်းအစီအစဉ်များ၊ ပတ်ဝန်းကျင်နှင့်ညီညွတ်သည့် မြို့ပြဖွံ့ဖြိုးမှုအတွက် ဆုချီးမြှင့်ရေးလုပ်ငန်းအစီအမံများ၊ အရက်ချက် စက်ရုံများတွင် ရေဆိုးသန့်စင်စက်ရုံ တည်ထောင်နေမှုများ၊ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် ပလတ်စတစ်အပါအဝင် အမှိုက်များ စနစ်တကျ သိမ်းဆည်းစုစည်းစွန့်ပစ်ခြင်းဆိုင်ရာလုပ်ငန်းများ၊ သယံဇာတများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးစေရေး အတွက် သယံဇာတယိုယွင်းထိခိုက်ပျက်စီးမှုများ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုများကို ဖြစ်ပေါ်စေနိုင်သည့် လုပ်ငန်းများနှင့် တရားမဝင်သယံဇာတ တူးဖော်ထုတ်ယူမှုများကို ထိရောက်စွာ တားဆီးနိုင်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာတို့ကို အသိပညာပေးရေးနှင့် သတင်းပြန်ကြားရေးစသည့် လုပ်ငန်းများပါဝင်သည်ကို တွေ့မြင်ကြရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အသိပညာများပြန့်ပွားရေးအတွက် မူလတန်း အဆင့်မှစ၍ တက္ကသိုလ်အဆင့်အထိ သင်ရိုးညွှန်းတမ်းများတွင် ထည့်သွင်းသင်ကြားနိုင်ရေး ပေါင်းစပ်ဆောင်ရွက်နေခြင်းစသည့် လုပ်ငန်းများလည်းပါဝင်ပါကြောင်း၊ ရှေ့ဆက်အချိန်ယူကာ ရေရှည်ဆောင်ရွက်ရမည့် အစည်းအဝေးဆုံးဖြတ်ချက်များကို အချိန်ကာလတစ်ခုသတ်မှတ်ကာ အမြန်ပြီးစီးရေး ဝိုင်းဝန်းပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ရေရှည်တည်တံ့သော ထုတ်လုပ်မှုနှင့် စားသုံးမှုပုံစံများဖြစ်စေရန် ဆောင်ရွက်နေကြပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လူများ၏အပြုအမူနှင့် နေထိုင်မှုပုံစံများကို ပြောင်းလဲနိုင်ရန်အတွက် စည်းရုံးလှုံ့ဆော် အသိပညာပေးခြင်း လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်သွားရန် လိုအပ်သည့်အပြင် ပြဋ္ဌာန်းထားသော ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း၊ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်တတ်စေရန် တွန်းအားပေးခြင်း၊ သတိပေး ခြင်း၊ အရေးယူဆောင်ရွက်ခြင်းတို့ကိုလည်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။ မိမိတို့နိုင်ငံအတွင်း ပတ်ဝန်းကျင်ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ၊ ကျွမ်းကျင်ပညာရှင်များ၊ နည်းပညာများတိုးတက်လာစေရန်နှင့် လိုအပ်သည့်ရန်ပုံငွေများ ရရှိစေရေးတို့အတွက် နိုင်ငံတကာမှ အစိုးရများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု များကို တိုးမြှင့်သွားရန်လိုအပ်သည့်အပြင် ဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ ပုဂ္ဂလိကနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများအကြား ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုများကို လည်း ပိုမိုခိုင်မာအားကောင်းအောင် ဝိုင်းဝန်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ယနေ့အစည်းအဝေးတွင် ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန် (၂၆) ချက်ကို အခြေခံ၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာလုပ်ငန်းအပေါ် သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ လက်ရှိဆောင်ရွက်နေမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များ၊ တွေ့ကြုံနေရသည့်အခက်အခဲများနှင့် လိုအပ်သည့်အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။ ယင်းနောက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ၂၀၁၈ ခုနှစ် “မြန်မာနိုင်ငံ၏ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း” ( Myanmar Sustainable Development Plan-MSDP ) ပါ လမ်းညွှန်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ နိုင်ငံတော်၏ ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်မျိုးဆက်သစ်များကို ပိုမိုကောင်းမွန် သန့်ရှင်းသည့်သဘာဝပတ်ဝန်းကျင် အခြေအနေကောင်းများ လက်ဆင့်ကမ်းပေးနိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ချဉ်းကပ်ဆောင်ရွက်မည့်အစီအမံများ၊ ရန်ပုံငွေခွဲဝေရရှိနိုင်ရေး၊ အသိပညာပြန့်ပွားရေးနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်စေရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ဗဟိုကော်မတီအတွင်းရေးမှူး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းက ယခင်ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ဆောင်ရွက်ဆဲလုပ်ငန်းများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာအစီအမံများနှင့် ပေါင်းစပ်ဆောင်ရွက်မှုအခြေအနေများ၊ လုပ်ငန်းကော်မတီ (၆)ခု ၏ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ဗဟိုကော်မတီဝင်များဖြစ်ကြသော ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ အမြဲတမ်းအတွင်းဝန်များဖြစ်ကြသည့် ဦးမျိုးမြင့်မောင်၊ ဦးထွန်းအုံ၊ ဦးဝင်းခန့်၊ ဦးခင်မောင်ရီ၊ ဦးတင်မောင်ဦး၊ ဦးကိုကိုလွင်နှင့် ဦးထွန်းထွန်းနိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းနှင့် ပုဂ္ဂလိကစီးပွားရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးအောင်သန့်ဇင်နှင့် ဒေါက်တာမျိုးသက်၊ လုပ်ငန်းကော်မတီ ( ၆ ) ရပ်မှ တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌများဖြစ်ကြသည့် ဦးတင်ထွန်း၊ ဦးလဆိုင်း၊ ဦးတီရယ်၊ ဦးစောပြည်သာ၊ ဦးမန်ဟင်းဒါးလ်၊ ဦးမြင့်မောင်၊ ဒေါက်တာ စောညိုဝင်း၊ ဦးမြင့်ဇော်၊ ဒေါက်တာ မင်းကြည်ဝင်း၊ ဦးကျော်လွင်နှင့် ဦးဟံထွန်းတို့က ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လုပ်ငန်းတာဝန်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများ၊ ဆောင်ရွက်ပြီးစီးမှု အခြေအနေ များ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များ၊ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နေမှုအပေါ် တွေ့ကြုံနေရသည့်အခက်အခဲများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နေမှုအခြေအနေများ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေအရ ကာကွယ်ကြပ်မတ်ဆောင်ရွက်နေမှုများ၊ ဥပဒေ၊ နည်းဥပဒေထုတ်ပြန်ရေးအတွက် စဉ်ဆက်မပြတ်ဆောင်ရွက်မည့်ကိစ္စရပ်များ၊ ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်ထိန်းသိမ်းရေးတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရန် ဆောင်ရွက်နေသည့် ကိစ္စရပ်များ၊ ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရန် စစ်ဆေးဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးစသည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများ အလိုက် ရှင်းလင်းတင်ပြကြသည်။ ဆက်လက်၍ ဗဟိုကော်မတီအတွင်းရေးမှူး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်း က ဆွေးနွေးဆုံးဖြတ်ရန် အဆိုပြုချက်များနှင့် ဗဟိုကော်မတီ၏ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် အစည်းအဝေးဆုံးဖြတ်ချက် ( ၁၁ )ချက် ချမှတ်ခဲ့သည်။ ထို့နောက် ဒုတိယသမ္မတက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။