အမျိုးသားအဆင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ ဗဟိုကော်မတီ ပဉ္စမအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း

    အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ၏ ပဉ္စမအကြိမ် ညှိနှိုင်းအစည်းအဝေး ကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက် ၉:၀၀ နာရီတွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အင်ကြင်းခန်းမ၌ ကျင်းပရာ ဗဟိုကော်မတီနာယက ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားခဲ့ပြီး ဗဟိုအဆင့် လုပ်ငန်းကော်မတီတွေနဲ့ တိုင်းဒေသကြီး၊ ပြည်နယ် အဆင့် ကြီးကြပ်မှုကော်မတီများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် လုပ်ငန်းကော်မတီများ ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေဖို့အတွက် ဗဟိုကော်မတီဝင်၊ ဗဟိုလုပ်ငန်းကော်မတီ ဥက္ကဌ အပါအဝင် ကော်မတီဝင်များမှ အခါအားလျော်စွာ ပြည်နယ်၊ တိုင်းဒေသကြီးများကို ရောက်ရှိသောအခါဆိုင်ရာ ကော်မတီဝင်များနှင့် တွေ့ဆုံညှိနှိုင်းပြီး ပေါင်းစပ်ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းခဲ့ပါသည်။

     ဗဟိုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို ပြီးခဲ့သော ၂၀၁၆ ခုနှစ် သြဂုတ်လတွင် တစ်ကြိမ်၊ ဒီဇင်ဘာတွင် တစ်ကြိမ်၊ ၂၀၁၇ ခုနှစ် ဇွန်လတွင် တစ်ကြိမ်နှင့် စက်တင်ဘာလတွင် တစ်ကြိမ် စုစုပေါင်း (၄) ကြိမ် ကျင်းပခဲ့ပါသည်။ ထို့နောက် အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ ဥက္ကဌ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းက ဗဟိုကော်မတီနှင့် ကော်မတီအသီးသီးက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ အများအပြားကို ဆုံးဖြတ်ချက် ချမှတ်ခဲ့မှုနှင့် လုပ်ငန်းကော်မတီအသီးသီးမှ ယခင်အစည်းအဝေးများအပေါ် ဆောင်ရွက်ထားမှုများနှင့် ရှေ့ဆက် ဆောင်ရွက်မှုများကို တင်ပြခဲ့ပါသည်။ ဒုတိယသမ္မတက ရှင်းလင်းတင်ပြ ဆွေးနွေးချက်များကို ပေါင်းစပ် ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။