အိုဇုန်းလွှာထိခိုက်ပျက်စီးစေသော ဒြပ်ပစ္စည်းများ ထိန်းချုပ်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ရေခဲသေတ္တာနှင့်လေအေးပေးစက်ဆိုင်ရာပညာရှင်များအတွက် နည်းပညာဆိုင်ရာ သင်တန်းအလုပ်ရုံဆွေးနွေးပွဲအခမ်းနားကျင်းပခြင်း

   ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၄ ရက်နေ့တွင် ကျင်းပခဲ့သည့် အိုဇုန်းလွှာထိခိုက်ပျက်စီးစေသော ဒြပ်ပစ္စည်းများ ထိန်းချုပ်ခြင်းဆိုင်ရာလုပ်ငန်းဆောင်ရွက်ချက်များနှင့် သက်ဆိုင်သည့် အသိ ပညာပေး ဟောပြောပွဲ ဖွင့်ပွဲအခမ်းအနားကို ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ ကြီးမှူး၍ မုံရွာမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမတွင်၂၀၂၀ ပြည့်နှစ်၊ မတ်လ ၄ ရက်နေ့နံနက် (၉:၃၀) ၌ စတင်ကျင်းပခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ချင်းတိုင်းရင်းသားလူမျိုး များရေးရာ ဝန်ကြီးဌာန၊ ဝန်ကြီး ဦးလာလ်ထောင်ထန်း  တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

အခမ်းအနားတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးက နှုတ်ခွန်း ဆက်စကား ပြောကြားခြင်း၊ လေအေးပေးစက်နှင့်ပတ်သက်သော စက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဌ(မုံရွာ)က နှုတ်ခွန်းဆက်စကား ပြောကြားခြင်း၊ အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများ ဆိုင်ရာ မြန်မာနိုင်ငံ၏ ဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သင်းသူဇာဝင်းက ရှင်းလင်းဆွေးနွေး ခြင်း၊ မြန်မာနိုင်ငံ၏ဓါတုပစ္စည်းများ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၏ ဒုတိယညွှန်ကြား ရေးမှူး  ဒေါက်တာခင်ပပစိုးမှ ရှင်းလင်း ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ ပါသည်။

အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်းဖြင့် မြန်မာနိုင်ငံအနေဖြင့် အိုဇုန်းလွှာ ပျက်စီးစေသော ဒြပ်ပစ္စည်းများသက်ဆိုင်သော အချက်အလက်များ၊ ဒြပ်ပစ္စည်းများနှင့် ၎င်းဒြပ်ပစ္စည်းများ အသုံးပြုသည့် စက်ပစ္စည်းများ  နိုင်ငံအတွင်းတင်သွင်းခြင်း၊ အသုံးပြုခြင်း များကို အခြားကမ္ဘာ့နိုင်ငံများနည်းတူ ထိန်းချုပ်ဆောင်ရွက်နေသည့် လုပ်ငန်းဆောင်ရွက်ချက် များနှင့် ပတ်သက်သည့် အချက်အလက်များကို ပြည်သူလူထုထံ တိုက်ရိုက်အသိပေးဖြန့်ဝေနိုင်ရန် ဖြစ်ပါသည်။

အခမ်းအနားသို့ ဝန်ကြီးဌာနအသီးသီးမှ ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ မုံရွာလေအေး ပေးစက်နှင့် ပတ်သက်သော စက်မှုလုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်များ၊ ဆက်စပ် လုပ်ငန်းရှင်များမှ ကိုယ်စားလှယ်များ စုစုပေါင်း (၈၀) ဦးခန့် တက်ရောက်ပါသည်။

ဆက်လက်၍ ရေခဲသေတ္တာနှင့် လေအေးပေးစက်ဆိုင်ရာ နည်းပညာရှင်များအနေဖြင့် အိုဇုန်းလွှာထိခိုက်ပျက်စီးစေသော ဒြပ်ပစ္စည်းများ၊ အိုဇုန်းလွှာထိခိုက်ပျက်စီးစေသော ဒြပ်ပစ္စည်း များကို အသုံးပြုရန် ထုတ်လုပ်ထားသော ထုတ်ကုန်များကို စနစ်တကျကိုင်တွယ် တပ်ဆင်ကြ စေရန်နှင့် ရေခဲသေတ္တာ နှင့်လေအေးပေးစက် ပြုပြင်တပ်ဆင်ရေးလုပ်ငန်းများတွင် အိုဇုန်းလွှာ ထိခိုက် ပျက်စီးစေသော ဒြပ်ပစ္စည်းများအသုံးပြုမှုကို လျှော့ချနိုင်စေရန် ရည်ရွယ်ချက် များဖြင့်  နည်းပညာဆိုင်ရာသင်တန်း အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၀ ပြည့်နှစ် မတ်လ ၄ ရက်နေ့ နေ့လယ်ပိုင်းနှင့် ၂၀၂၀ ပြည့်နှစ် မတ်လ ၅ ရက်နေ့တို့တွင် ဆက်လက်ပြုလုပ် ကျင်းပမည် ဖြစ်ပါသည်။ သင်တန်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ သင်တန်းသား/သင်တန်းသူ (၂) ဦး၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ် ရေးဦးစီးဌာနမှ သင်တန်းသား/သူ (၂)ဦး၊ မုံရွာလေအေးပေးစက်နှင့် ပတ်သက်သော စက်မှုနည်းပညာရှင်များအသင်းမှ အသင်းသား(၃၃)ဦး စုစုပေါင်းသင်တန်းသား/ သင်တန်းသူ (၃၇)ဦး တက်ရောက်ခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာနနှင့် ဒိုင်ကင်းရေခဲသေတ္တာနှင့်လေအေးပေးစက်ဆိုင်ရာ ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက် ခဲ့ခြင်း ဖြစ်ပါသည်။