“နော်ဝေ-မြန်မာ ပတ်ဝန်းကျင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အောက်ရှိ လုပ်ငန်းစီမံကိန်းများ၏ အကောင်အထည်ဖော်ဆောင်ရွက်မှုအပေါ် ခြုံငုံသုံးသပ်သည့် ရှင်းလင်းဆွေးနွေ:ပွဲ” နှင့်ပတ်သက်သည့် ရှင်းလင်းဆွေးနွေးပွဲ

     ၂၀၁၉ ခုနှစ် မတ်လ ၁၉ ရက်နေ့ နံနက် (၀၈:၃၀) နာရီအချိန်တွင် နေပြည်တော်ရှိ Grand Amara Hotel ၌ ကျင်းပပြုလုပ်သော “နော်ဝေ-မြန်မာ ပတ်ဝန်းကျင်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်အောက်ရှိ လုပ်ငန်းစီမံကိန်းများ၏ အကောင်အထည်ဖော်ဆောင်ရွက်မှု အပေါ် ခြုံငုံသုံးသပ်သည့် ရှင်းလင်းဆွေးနွေ:ပွဲ” သို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ တက်ရောက် အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

     အဆိုပါဆွေးနွေးပွဲသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာန/လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူး များ၊ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံရုံး၊ နော်ဝေပတ်ဝန်းကျင်အေဂျင်စီ (Norwegian Environment Agency- NEA) နှင့် နော်ဝေနိုင်ငံအခြေစိုက် The Foundation for Scientific and Technical Research (SINTEF) တို့မှ ကိုယ်စားလှယ်များ၊ စီမံကိန်းလုပ်ငန်း လမ်းညွှန် ကြီးကြပ်မှုကော်မတီနှင့် စီမံကိန်းလုပ်ငန်း အစီရင်ခံစာ ပြုစုရေးကော်မတီတို့မှ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် မြို့တော်စည်ပင်သာယာရေးကော်မတီတို့မှ စီမံကိန်းဆိုင်ရာ စည်းမျဉ်းသတ်မှတ်ရေးလုပ်ငန်းအဖွဲ့ဝင်များနှင့် နည်းပညာဆိုင်ရာလုပ်ငန်း အဖွဲ့ဝင်များ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများစသည့် ဖိတ်ကြားထားသည့် ကိုယ်စားလှယ် စုစုပေါင်း (၆၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

     ဒုတိယဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံနှင့် နော်ဝေနိုင်ငံ တို့အကြား ပတ်ဝန်းကျင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးမှုများကို ၂၀၁၂ ခုနှစ်တွင် စတင်ခဲ့ရာ ပတ်ဝန်းကျင်ဆိုင်ရာ ကဏ္ဍများမှာ ပူးပေါင်း ဆောင်ရွက်ရန်အတွက် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် နော်ဝေရာသီဥတုနှင့် ပတ်ဝန်းကျင် ဆိုင်ရာ ဝန်ကြီးဌာန တို့သည် Letter of Intent (LoI) ကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလမှာ လက်မှတ် ရေးထိုးခဲ့ပြီးနောက် “နော်ဝေ-မြန်မာ ပတ်ဝန်းကျင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (၂၀၁၅-၂၀၁၈)” အရ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စီမံကိန်းများကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလ၌ သဘောတူလက်မှတ်ရေးထိုး၍ စတင်အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုဖြစ်သည်နှင့်အညီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သည့်အခါ၌ လူမှုရေး၊ စီးပွားရေးနှင့် ပတ်ဝန်းကျင်တို့အကြား ဟန်ချက်ညီညီ ပေါင်းစပ်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ရေရှည်စီးပွားဖွံ့ဖြိုးတိုးတက် ရေးကို မျှော်မှန်းဆောင်ရွက်ရာ၌ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု ကာကွယ်ရေးလုပ်ငန်း၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး နှင့် ရေဝေရေလဲဒေသများ ထိန်းသိမ်းရေးတို့ကို ကဏ္ဍအသီးသီးတွင် ပေါင်းစပ်ဆောင် ရွက် နိုင်ရေးသည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ အဓိက တာဝန် တစ်ရပ်ဖြစ်ကြောင်း၊ အဆိုပါ ရည်မှန်းချက်ကို အောင်မြင်စေရန် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် ပတ်ဝန်းကျင်အုပ်ချုပ်မှု အစီအမံများကို ထည့်သွင်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ “နော်ဝေ-မြန်မာ ပတ်ဝန်းကျင်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုအစီအစဉ် (၂၀၁၅-၂၀၁၈)” အရ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် စီမံကိန်း (၃) ခုမှာ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနှင့် သဘာဝနယ်မြေများ စီမံအုပ်ချုပ်မှု မြှင့်တင်ရေးဆိုင်ရာစီမံကိန်း (Conservation of Biodiversity and Improved Management of Protected Area)၊ ရေသယံဇာတအရင်းအမြစ်များ ဘက်စုံစီမံအုပ်ချုပ်ခြင်း၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် သင်တန်းပေးခြင်းဆိုင်ရာစီမံကိန်း (Integrated Water Resources Management- Institutional Building and Training) နှင့် ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်း စီမံအုပ်ချုပ်မှုဆိုင်ရာစီမံကိန်း (Management of Hazardous Waste) တို့ ဖြစ်ကြောင်း၊ ယနေ့ ကျင်းပပြုလုပ်သည့် ဆွေးနွေးပွဲ၏ အဓိကရည်ရွယ်ချက်မှာ “နော်ဝေ-မြန်မာ ပတ်ဝန်းကျင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်” အောက်ရှိစီမံကိန်းတစ်ခုချင်းစီ၏ အတွေ့အကြုံနှင့် ဗဟုသုတများကို ပြန်လည်မျှဝေရန်၊ အတွေ့အကြုံ၊ သင်ခန်းစာတွေကို ပြန်လည် ဆန်းစစ်သုံးသပ်ရန်၊ စီမံကိန်းကာလ ပြီးဆုံးသွားပြီဖြစ်သည့်အတွက် စီမံကိန်းတစ်ခုချင်းစီ အလိုက် ဆောင်ရွက်ထားရှိနိုင်မှု အခြေအနေများ၊ ရလဒ်များကို မျှဝေရန်၊ ဆက်လက်ဆောင်ရွက် သင့်သည့် လိုအပ်ချက်များစသည့် အကြောင်းအရာများကို ရှင်းလင်းတင်ပြရန်ဖြစ်ကြောင်း၊ ယင်းအစီအစဉ်၏ ရလဒ်များအနေဖြင့် ရေသယံဇာတအရင်းအမြစ်များ ဘက်စုံစီမံအုပ်ချုပ်ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနှင့် သဘာဝနယ်မြေများ စီမံအုပ်ချုပ်မှု၊ ဘေးအန္တရာယ်ရှိ စွန့်ပစ် ပစ္စည်းစီမံအုပ်ချုပ်မှုဆိုင်ရာ ပင်မလုပ်ငန်းစဉ်များ ရေးဆွဲနိုင်ခဲ့ပြီး မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ပတ်ဝန်းကျင်ရေရှည်တည်တံ့စေရေးအတွက် ရှေ့ဆက် လက်ပေါင်းစပ် ဆောင်ရွက်ရာ၌ များစွာ အထောက်အကူဖြစ်စေသည့် လမ်းညွှန်အစီအစဉ်များ ဖြစ်လာခဲ့ကြောင်း၊ ယင်းအစီအစဉ်များကို အကောင်အထည်ဖော်နိုင်ရန် နော်ဝေ-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ကို ဆက်လက်ဆောင်ရွက်သွားနိုင်ရေးအတွက်လည်း ညှိနှိုင်းဆောင်ရွက်လျက်ရှိသည် ကို သတင်းကောင်း ပြောကြားလိုကြောင်း တို့ကို  ပြောကြားခဲ့ပါသည်။

     ဆက်လက်၍ အဆိုပါရှင်းလင်းဆွေးနွေးပွဲတွင် “နော်ဝေ-မြန်မာ ပတ်ဝန်းကျင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (၂၀၁၅-၂၀၁၈)” အရ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် စီမံကိန်းတစ်ခုချင်းစီမှ  အတွေ့အကြုံနှင့် ဗဟုသုတများ၊ ဆောင်ရွက်ပြီးစီးမှု အခြေအနေ များနှင့် ရလဒ်များကို ပြန်လည်မျှဝေခြင်း၊ ဆက်လက်ဆောင်ရွက်သင့်သည့် လိုအပ် ချက်များကို ရှင်းလင်းတင်ပြခြင်း၊  ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ကိုယ်စားလှယ်များမှ မေးမြန်း ဆွေးနွေးခြင်းနှင့် ပြန်လည်ရှင်းလင်းတင်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ ကြပြီး ဆွေးနွေးပွဲကို နေ့လည် (၁၂:၀၀) နာရီခန့်တွင် ရုပ်သိမ်းခဲ့ပါကြောင်း သတင်းရရှိပါသည်။