“မြန်မာနိုင်ငံ၏ Nationally Determined Contributions- NDCs ပြုစုရေးဆွဲရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး”

   ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကွန်ဗင်းရှင်း (United Nations Framework Convention on Climate Change-UNFCCC) အတွင်းရေးမှူးရုံးသို့ တင်ပြခဲ့သည့် မြန်မာနိုင်ငံ၏ အခြေအနေနှင့် သင့်လျော်မည့် အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု လိုက်လျောညီထွေ ဖြစ်စေရေးနှင့် လျှော့ချရေးဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် (Intended Nationally Determined Contributions-INDCs) ကို အခြေခံ၍ Nationally Determined Contributions-NDCs ကို ရေးဆွဲပြုစုနိုင်ရေးအတွက် ကဏ္ဍအလိုက် မူဝါဒပိုင်း ဆိုင်ရာ နှင့် နည်းပညာပိုင်းဆိုင်ရာ Contact Person သတ်မှတ်နိုင်ရန်၊ လျှော့ချနိုင်မည့် မှန်လုံအိမ် ဓာတ်ငွေ့ပမာဏ တွက်ချက်ရာတွင် လိုအပ်သည့် သတင်းအချက်အလက်များ နှင့် အချက်အလက် များ စုစည်းသိမ်းဆည်းမှု အခြေအနေတို့အပေါ် ‌ဆွေးနွေးနိုင်ရန် ရည်ရွယ်ချက်ဖြင့်  “မြန်မာနိုင်ငံ၏ NDCs ပြုစုရေးဆွဲရေးဆိုင်ရာ စွမ်းအင်ကဏ္ဍ ညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ်‌ နိုဝင်ဘာလ ၂၇ ရက်နေ့ (ဗုဒ္ဓဟူးနေ့) နံနက်ပိုင်းတွင် လည်းကောင်း၊ “မြန်မာနိုင်ငံ၏ NDCs ပြုစုရေးဆွဲရေးဆိုင်ရာ သစ်တောကဏ္ဍ ညှိနှိုင်းအစည်းအဝေးကို နေ့လယ်ပိုင်းတွင်လည်းကောင်း နေပြည်တော် Grand Amara Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အစည်းအဝေး၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်မာလာအောင် မှ  တက်ရောက် အမှာစကားပြောကြားရာတွင် ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင် ကွန်ဗင်းရှင်း (UNFCCC) အဖွဲ့ဝင်နိုင်ငံ ဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် ပါရီသဘောတူညီချက်၏ အကြိုလုပ်ငန်းစဉ်ဖြစ်သည့် နိုင်ငံ၏ INDCs ကို ၂၀၁၅ ခုနှစ် စက်တင်ဘာလ၌ နိုင်ငံတော်သမ္မတရုံး ၏ လမ်းညွှန်ချက်၊ ဆက်စပ်ဝန်ကြီးဌာနများ၏ သဘောထားများနှင့်အညီ ပြုစုတင်ပြနိုင်ခဲ့ပါ ကြောင်း၊ ပါရီသဘောတူညီချက်ချမှတ်ပြီးနောက် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မိမိတို့၏ INDC ကို အခြေခံ၍ နိုင်ငံ၏ NDCs ကို ရေးဆွဲပြုစုပြီး ၂၀၂၀ ခုနှစ် မတ်လ၌ နောက်ဆုံးထား တင်ပြရန် လမ်းညွှန်ထားပါကြောင်း၊ NDCs ပြုစုရေးဆွဲရာတွင် ထည့်သွင်းဖော်ပြရမည့် အချက်အလက်များ၊ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ၂၀၁၈ ခုနှစ်တွင် ချမှတ်ခဲ့သည့် ပါရီသဘောတူညီချက် လမ်းညွှန်စာအုပ် (Paris Agreement Rule Book) တွင် လမ်းညွှန်မှုပြုထားပါကြောင်း၊ ရာသီဥတု‌ပြောင်းလဲမှုအပေါ် ထိခိုက်ခံစားလွယ်သည့် မြန်မာနိုင်ငံသည် နိုင်ငံအဆင့် ရာသီဥတုပြောင်းလဲမှု လုပ်ငန်းစဉ်များကို ဆက်စပ်ပတ်သက်သူများနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်နေသကဲ့သို့ ကမ္ဘာလုံး ဆိုင်ရာ ရာသီဥတုပြောင်းလဲမှုကို တုံ့ပြန်ဖြေရှင်းရာတွင်လည်း မြန်မာနိုင်ငံ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုကို ဖော်ညွှန်းပြသရန် အရေးကြီးပါကြောင်း၊ မြန်မာနိုင်ငံ၏ NDC ကို ၂၀၂၀ ခုနှစ် မတ်လတွင် တင်ပြနိုင်ရေးအတွက် ၂၀၂၀ ခုနှစ် ဇန်နဝါရီလ၌ အပြီးသတ်ရေးဆွဲသွားနိုင်ရန် လိုအပ် ရာ အချိန်ကာလအားဖြင့် ၂ လ ကျော်ခန့်သာ ကျန်ရှိနေပါကြောင်း၊ NDC အစီရင်ခံစာကို အချိန်တိုအတွင်း အပြီးသတ် ရေးဆွဲနိုင်ရန် သက်ဆိုင်ရာ ဆက်စပ်ဌာနများမှ အဓိကအားဖြင့် သတင်းအချက်အလက်ဖလှယ်နိုင်ရန် လည်းကောင်း၊ INDC ၌ ပါရှိသည့် Mitigation Target များကို အခြေခံပြီး ယခု NDC တွင်လည်း တိကျသည့် Mitigation Targets များကို သတ်မှတ်နိုင် ရန် လည်းကောင်း မူဝါဒပိုင်းဆိုင်ရာ နှင့် နည်းပညာပိုင်းဆိုင်ရာ Contact Person များ သတ်မှတ် သွားစေလိုပါကြောင်း၊ လက်ရှိကာလ၌ ကွန်ဗင်းရှင်းသို့ တင်ပြမည့် ဒုတိယအကြိမ်မြောက် အမျိုးသားအဆင့် ဆက်သွယ်မှုအစီရင်ခံစာအတွက် နိုင်ငံမှ မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု အခြေအနေများကို တွက်ချက်လျက်ရှိသည့်အတွက် အစီရင်ခံစာတစ်ခု နှင့် တစ်ခုအကြား Consistency ရှိစေနိုင်ရန် နှင့် လိုအပ်သည့် သတင်းအချက်အလက်များ ရရှိနိုင်စေရန် ယခုလို နည်းပညာပိုင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ရခြင်း ဖြစ်ပါကြောင်း ပြောကြားပါ သည်။

          နံနက်ပိုင်း စွမ်းအင်ကဏ္ဍဆိုင်ရာ ညှိနှိုင်းအစည်းအဝေး၌ ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကိုယ်စားလှယ်များ၊ SNC Coordinator ဦးကျော်မိုးအောင် နှင့် WWF-Myanmar မှ Technical and Energy Advisor ဖြစ်သူ Mr. Ugan Mahandhar တို့အပါအဝင် စုစုပေါင်း ကိုယ်စားလှယ် (၃၀) ဦးခန့် တက်ရောက်ခဲ့ပြီး နေ့လယ်ပိုင်း သစ်တောကဏ္ဍဆိုင်ရာ အစည်းအဝေး၌ သစ်တောဦးစီးဌာနမှ ကိုယ်စားလှယ်များဖြင့် စုစုပေါင်း ကိုယ်စားလှယ် (၁၅) ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။