National Designated Authority-NDA စွမ်းဆောင်ရည် မြှင့်တင်ခြင်းနှင့် နိုင်ငံ့အစီအစဉ် မူဘောင်ရေးဆွဲခြင်းနှင့်စပ်လျဉ်း၍ အစိမ်းရောင်ရာသီဥတုပြောင်းလဲမှု ဆိုင်ရာရန်ပုံငွေအဖွဲ့ (Green Climate Fund-GCF) ၏ မဟာဗျူဟာနှင့့် လုပ်ငန်းစဉ်များ ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ (၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်၊ သိင်္ဂဟဟိုတယ်၊ နေပြည်တော်)

   သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ကုလသမဂ္ဂပတ်ဝန်းကျင် အစီအစဉ်နှင့် အစိမ်းရောင်ရာသီဥတုပြောင်းလဲမှုဆိုင်ရာရန်ပုံငွေအဖွဲ့ (Green Climate Fund-GCF)တို့ပူးပေါင်း၍ National Designated Authority-NDA စွမ်းဆောင်ရည် မြှင့်တင်ခြင်း၊ နိုင်ငံ့အစီအစဉ်မူဘောင်ရေးဆွဲခြင်းနှင့်စပ်လျဉ်း၍ အစိမ်းရောင်ရာသီဥတု ပြောင်းလဲမှုဆိုင်ရာရန်ပုံငွေအဖွဲ့ (Green Climate Fund-GCF) ၏ မဟာဗျူဟာနှင့်လုပ်ငန်းစဉ်များဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်နေ့တွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်းတက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။

   ပြည်ထောင်စုဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကမ္ဘာ့နိုင်ငံအသီးသီးတွင် အပူချိန်မြင့်တက်လာခြင်း၊ မိုးရွာသွန်းမှုပုံစံနှင့် မိုးရေချိန်များပြောင်းလဲလာခြင်း၊ ပိုမိုပြင်းထန်လာပြီး ဖြစ်ပွားသည့်အကြိမ်ရေတိုးလာတဲ့ အစွန်းရောက်ရာသီဥတုဖြစ်စဉ်များကို ကြုံတွေ့နေရသည့်အပြင်အနာဂတ်အတွက် ခန့်မှန်းတွက်ချက်မှုတွေအရ ပိုမိုထိခိုက် ခံစားရမှုများရှိလာမှာဖြစ်ပြီးအထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများက ပိုမိုပြင်းထန်စွာခံစားရကာ လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် နှောင့်နှေးမှုများကြုံတွေ့ကြရမှာဖြစ်ပါကြောင်း၊ ဖြစ်ပေါ်နေတဲ့ကမ္ဘာလုံးဆိုင်ရာရာသီဥတုပြောင်းလဲမှုရဲ့ စိန်ခေါ်မှုများကို တုန့်ပြန်ဖြေရှင်း နိုင်ရေးအတွက် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလအတွင်းပြင်သစ်နိုင်ငံပါရီမြို့မှာ ကျင်းပခဲ့သည့် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာမူဘောင်ကွန်ဗင်းရှင်း၏ ၂၁ ကြိမ်မြောက် ညီလာခံကြီးမှာ ကမ္ဘာလုံးဆိုင်ရာရာသီဥတုပြောင်းလဲမှု သဘောတူညီချက်တစ်ရပ်ကို ချမှတ်နိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ယင်းသဘောတူညီချက်၏ အဓိကရည်မှန်းချက်မှာ ကမ္ဘာ့အပူချိန်မြင့်တက်လာမှုကို ၂ ဒီဂရီစင်တီဂရိတ်အောက် ၁.၅ ဒီဂရီစင်တီဂရိတ်ထိရှိနေအောင် ထိန်းသိမ်းသွားရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ ပါရီသဘောတူညီချက်အရ ရာသီဥတုပြောင်းလဲမှုဆိုင်ရာလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ရန်ပုံငွေ ထောက်ပံ့ရေး အဓိကယန္တရားတစ်ခုအနေဖြင့် အစိမ်းရောင်ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ရန်ပုံငွေအဖွဲ့ (GCF) က ဆောင်ရွက်မှာဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများအနေနဲ့ ရာသီဥတု ပြောင်းလဲမှုလျှော့ချရေးအတွက် ကာဗွန်ထုတ်လွှတ်မှုလျော့နည်းစေမည့် စီမံကိန်းများ/ အစီအစဉ်များ၊ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ်စေရေးအတွက် ရာသီဥတု ပြောင်းလဲမှုဒဏ်ခံနိုင်ရည်တိုးတက်စေမည့် စီမံကိန်းများ/အစီအစဉ်များကို အကောင် အထည်ဖော်နိုင်ရန်လိုအပ်သည့် ရန်ပုံငွေများကို Green Climate Fund ထံ တင်ပြ လျှောက်ထားပြီး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းဖြင့် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်မှာ ပါဝင်ဆောင်ရွက်ရာရောက်သည့်အပြင် မိမိတို့နိုင်ငံအလိုက် ချမှတ်ထားတဲ့ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်များ ရရှိအောင်လည်း အထောက်အကူပြုနိုင်မှာဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည်လည်း ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကြောင့် အထိခိုက်အလွယ်ဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေး အလေးထားဆောင်ရွက်လျက်ရှိရာမှာ ကုလသမဂ္ဂရာသီဥတု ပြောင်းလဲမှု ဆိုင်ရာမူဘောင်ကွန်ဗင်းရှင်းနဲ့ ပါရီသဘောတူညီချက် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုဆိုရင် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း(Myanmar Sustainable Development Plan-MSDP)ကို ထုတ်ပြန်ပြီးပတ်ဝန်းကျင်ရေးရာကိစ္စရပ်များကို ဆိုင်ရာကဏ္ဍတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများနှင့် လုပ်ငန်းစဉ်များတွင် ပေါင်းစပ်ထည့်သွင်းဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ၏အခြေအနေနှင့်သင့်လျော်သည့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးလိုက်လျောညီထွေဖြစ်စေရေးဆိုင်ရာလုပ်ငန်းအစီအစဉ် (Intended Nationally Determined Contribution-INDC)ကို ကွန်ဗင်းရှင်းအတွင်းရေးမှူးရုံးသို့ ၂၀၁၅ ခုနှစ်မှာ တင်သွင်းခဲ့ပြီး ရေရှည်အကောင်အထည်ဖော်နိုင်ရေးအတွက် မြန်မာရာသီဥတုပြောင်းလဲမှုဆိုင်ရာမူဝါဒ၊ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်များကို ၂၀၁၉ ခုနှစ် ဇွန်လ ၅ ရက် နေ့မှာ နိုင်ငံတော်အကြီးအကဲမှ မိတ်ဆက်ထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း၊ ထုတ်ပြန်ပြီးသည့် မဟာဗျူဟာနှင့်ပင်မလုပ်ငန်းအစီအစဉ်များကို အကောင်အထည်ဖော်ရာတွင် အမျိုးသား အဆင့်နှင့်တိုင်းဒေသကြီး/ပြည်နယ်/ဒေသအဆင့်ရှိကဏ္ဍအလိုက် ဆက်စပ်ပတ်သက်သူများ နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမှာဖြစ်သည့်အပြင် စွမ်းဆောင်ရည်၊ ဘဏ္ဍာငွေနှင့် နည်းပညာလိုအပ်ချက်များအတွက်လည်း နိုင်ငံတကာအသိုက်အဝန်းထံမှ ကူညီပံ့ပိုးမှုများလည်း များစွာလိုအပ်လာမှာဖြစ်ပါကြောင်း၊ GCF ထံမှ ရန်ပုံငွေအထောက်အပံ့ရရှိရေးနှင့်စပ်လျဉ်း၍ ဆက်သွယ်ရမည့်နိုင်ငံအဆင့်အဖွဲ့အစည်း (National Designated Authority-NDA) အဖြစ် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအောက်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိခြင်း ကြောင့် ရန်ပုံငွေလျှောက်ထားရာတွင် ဦးစားပေးရမည့်ကဏ္ဍများဖော်ထုတ်နိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် အစိုးရ/ပုဂ္ဂလိက/လူမှုအဖွဲ့အစည်းများမှ ဆက်စပ်ပတ်သက်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာမဟာဗျူဟာ/ ပင်မလုပ်ငန်း အစီအစဉ်များပါ ဦးစားပေးဆောင်ရွက်သင့်သည့်လုပ်ငန်း စီမံကိန်းများဖော်ထုတ်ခြင်း၊ ကဏ္ဍအလိုက် ဦးစားပေးလုပ်ငန်းစီမံကိန်းအဆိုပြုလွှာများ ပြုစုခြင်းစသည့်ကိစ္စရပ်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်းပြောကြားပါသည်။

   ပြည်ထောင်စုဝန်ကြီးကဆက်လက်ပြောကြားရာတွင် မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်နိုင်ရေးအတွက် ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများနဲ့ ဆက်သွယ်ဆောင်ရွက်လျက်ရှိရာမှာ အစိမ်းရောင်ရာသီဥတု ပြောင်းလဲမှုဆိုင်ရာရန်ပုံငွေအဖွဲ့ (Green Climate Fund-GCF) ၏ ရန်ပုံငွေထောက်ပံ့မှုဆိုင်ရာမဟာဗျူဟာနဲ့ လုပ်ငန်းစဉ်များကိုပိုမိုနားလည်သဘောပေါက်ရန်၊ ဆက်စပ်ဝန်ကြီးဌာန/ အဖွဲ့အစည်းများအနေနဲ့ မြန်မာရာသီဥတုပြောင်းလဲမှုဆိုင်ရာမဟာဗျူဟာ၊ ပင်မလုပ်ငန်းအစီအစဉ်နဲ့ NDC ပါလုပ်ငန်းများအကောင်အထည်ဖော်နိုင်ရေးအတွက် GCF ငွေကြေးအထောက်အပံ့များရရှိအောင် ကြိုးပမ်းဆောင်ရွက်နိုင်ရန် GCF အတွင်းရေးမှူးရုံး နှင့် မြန်မာနိုင်ငံအကြားပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ယခုအလုပ်ရုံဆွေးနွေးပွဲကိုကျင်းပခြင်းဖြစ်ပါကြောင်း၊ ယနေ့အလုပ်ရုံ ဆွေးနွေးပွဲမှာ လေ့လာသိရှိနားလည်မှုများကိုအခြေခံပြီး GCF ထံမှ ရန်ပုံငွေအထောက်အပံ့ ရရှိရေးလုပ်ငန်းအစီအစဉ် မူဘောင်များချမှတ်နိုင်ရေး ဆက်လက်ပူးပေါင်းဆောင်ရွက် သွားကြဖို့နဲ့ NDA ဖြစ်သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့်လည်း လိုအပ်သည့်ဆက်သွယ်ဆောင်ရွက်မှုများကို ပိုမိုအားဖြည့်ဆောင်ရွက်သွားရန် တိုက်တွန်း ကြောင်းပြောကြားပါသည်။

   အလုပ်ရုံဆွေးနွေးပွဲတွင် GCF ဆိုင်ရာဆက်သွယ်ရမည့်အဖွဲ့အစည်းအဖြစ် ဆောင်ရွက်နေသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ကမြန်မာနိုင်ငံအနေဖြင့် GCF နှင့် ဆက်သွယ်ဆောင်ရွက်နေမှုများ ရှင်းလင်းပြောကြားပြီး Green Climate Fund မှ ကိုယ်စားလှယ်များက နိုင်ငံအလိုက်အစီအစဉ်မူဘောင်ရေးဆွဲခြင်း၊ ရန်ပုံငွေရင်းနှီးမြှုပ်နှံမှု ဆိုင်ရာစံနှုန်းများ၊ အကျိုးသက်ရောက်မှုရှိရမည့်ဧရိယာများ၊ ထောက်ပံ့မည့်ရန်ပုံငွေ အမျိုးအစား ပုံစံများ၊ ပုဂ္ဂလိကကဏ္ဍဆိုင်ရာလုပ်ငန်းအဖွဲ့၏ ဆောင်ရွက်မှုများနှင့်ရရှိနိုင်မည့် အခွင့်အလမ်းများကို ရှင်းလင်းပြောကြားခြင်း၊ မြန်မာနိုင်ငံတွင် စတင်ဆောင်ရွက်မည့် စီမံကိန်းများနှင့် ဆောင်ရွက်ရန်အလားအလာရှိသည့် စီမံကိန်းများအကြောင်း မိတ်ဆက်ရှင်းလင်းခြင်း၊ တက်ရောက်လာသည့်ကိုယ်စားလှယ်များအား အဖွဲ့အလိုက်ဆွေးနွေးခြင်းများပြုလုပ်၍ ဆွေးနွေးကြပြီးအလုပ်ရုံဆွေးနွေးပွဲသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်(သတ္တုရေးရာ)နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ဆက်စပ် ဝန်ကြီးဌာနများမှ အရာရှိကြီးများ၊ နိုင်ငံတကာနှင့်ပြည်တွင်းမှ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ ပုဂ္ဂလိကကဏ္ဍမှကိုယ်စားလှယ်များအပါအဝင် စုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်ခဲ့ ကြောင်းသတင်းရရှိပါသည်။