24
Feb

ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်သည့်သတင်း

 

 

ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ကော်မတီဥက္ကဋ္ဌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနအသီးသီးမှ တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ် သယံဇာတရေးရာဝန်ကြီးများက Virtual စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက နိုင်ငံတော်၏ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍစုံ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဟန်ချက်ညီဆောင်ရွက်မှသာ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ရရှိစေမှာဖြစ်ကြောင်း၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရန်​ဆောင်ရွက်ရာတွင် ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ် ကျရောက်မှုများသည် အဓိကစိန်ခေါ်မှုဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေရှိစေရေးဆိုင်ရာ အကောင်အထည် ဖော်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ သဘာဝပတ်ဝန်းကျင် ကောင်းမွန်ရေး၊ ရာသီဥတုပြောင်းလဲမှု လျော့နည်းစေရေးအတွက် သစ်တောသစ်ပင်များ၏ အခန်းကဏ္ဍသည် အရေးကြီးသည့်အတွက် သဘာဝတောများထိန်းသိမ်းခြင်း၊ သစ်တော စိုက်ခင်းများတည်ထောင်ခြင်းကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ပလတ်စတစ်စွန့်ပစ်အမှိုက်များသည် ပင်လယ်ပြင်ညစ်ညမ်းမှုနှင့် ပတ်ဝန်းကျင်ကို အန္တရာယ် ဖြစ်စေသကဲ့သို့ လူမှုရေးနှင့် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးဖြစ်ပေါ်စေသည့်အတွက် ဆက်စပ်ဌာန၊ အဖွဲ့အစည်းများနှင့် ပြည်သူလုထုတို့၏ ပူးပေါင်းပါဝင်မှုဖြင့် ပလတ်စတစ်ညစ်ညမ်းမှု လျော့ကျစေရေးတို့ကို ရေရှည်အစီအမံများ ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ တစ်ခါသုံး ပလပ်စတစ်လျှော့ချရေး၊ ပြန်လည်အသုံးပြုရေးအတွက် 3R (Reduse၊ Reuse၊ Recycle) ကို ဆောင်ရွက်သွားရန်လိုကြောင်း၊မြန်မာနိုင်ငံအနေဖြင့် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ညစ်ညမ်းမှု လျော့ချနိုင်‌ရေးအတွက် အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအတွင်း Fire Hotspots ဖြစ်ပေါ်မှုအား ၂၀၂၆ ခုနှစ်တွင် ၂၀ ရာခိုင်နှုန်း၊ ၂၀၂၈ ခုနှစ်တွင် ၂၅ ရာခိုင်နှုန်း၊ ၂၀၃၀ ခုနှစ်တွင် ၃၀ ရာခိုင်နှုန်း လျှော့ချနိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ တောမီးလောင်ကျွမ်းခြင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် လောင်ကျွမ်းသည့် အခြားမီးတို့မှ ဖြစ်ပေါ်လာ​သော မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချနိုင်ရေးအတွက် နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ သက်ဆိုင်ရာဌာနများအနေဖြင့် အရှိန်အဟုန်မြှင့်​ ဆက်လက် ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ ရေရှည်တည်တံ့သော သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု ရရှိစေ​ရေးအတွက် အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။