
(၂၄) ကြိမ်မြောက် “Ecology of the Big City” ဆိုင်ရာ နိုင်ငံတကာဖိုရမ်(၂၀၂၅)တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ တက်ရောက်ဆွေးနွေး
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၅ ခုနှစ် မတ်လ ၁၃ ရက် (ကြာသပတေးနေ့) နေ့တွင် ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့၊ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ထိန်းသိမ်းကာကွယ်ရေး အသုံးပြုရေး ကော်မတီမှ ကြီးမှူးကျင်းပသည့် “Ecology of the Big City” ဆိုင်ရာ နိုင်ငံတကာဖိုရမ်၏ Sustainable environment of a metropolis: how to unleash the ecological potential (Plenary Session) တွင် အွန်လိုင်းမှတစ်ဆင့် တက်ရောက်ဆွေးနွေးခဲ့ပါသည်။
အဆိုပါ Plenary Session အား ရုရှားဒေသစံတော်ချိန် နေ့လယ် (၁၂:၃၀) မှ (၁၄:၀၀) နာရီအထိ (မြန်မာစံတော်ချိန် ညနေ (၁၆:၀၀) နာရီမှ (၁၇:၃၀) နာရီအထိ) ကျင်းပဆောင်ရွက်ခဲ့ပြီး၊ Plenary Session သို့ ရုရှားနိုင်ငံမှ Mr. Alexander Dvoinih ၊ Chairman of the Federation Council Committee on Agrarian and Food Policy and Environmental Management ၊ Mr. Alexey Korabelnikov ၊ vice-Governor of Saint-Petersburg ၊ Mr. Kirill Soloveichik ၊ Chairman of the Committee for Nature Use၊ ဘရာဇီးနိုင်ငံ ဆာပိုလိုမြို့တော်ဝန် Eder Miano တို့အပါအဝင် တက်ရောက်ဆွေးနွေးသူ (၁၂) ဦးနှင့် ဖိုရမ်သို့ ပါဝင်တက်ရောက်သူ စုစုပေါင်း (၅၀၀) ဦး တက်ရောက်ခဲ့ကြပါသည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူမှ မြန်မာနိုင်ငံအနေဖြင့် မြို့ပြချဲ့ထွင်လာမှုနှင့်အတူ ပတ်ဝန်းကျင်ဆိုင်ရာတာဝန်ယူမှုကိုလည်း အလေးထား ထည့်သွင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသောမြို့များ တည်ဆောက်နိုင်ရန် အစိမ်းရောင်စင်္ကြံများ၊ ရေရှည်တည်တံ့သော ရေနုတ်မြောင်းစနစ်များ၊ သယ်ယူပို့ဆောင်ရေးနှင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုစနစ်များ၊ ပြန်ပြည့်မြဲစွမ်းအင်တို့ကို ပေါင်းစပ်အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၅ ခုနှစ်တွင် တင်ပြမည့် မြန်မာနိုင်ငံအမျိုးသားအဆင့် ရာသီဥတု ပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျောညီထွေရှိစေရေးဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအစဉ် (Nationally Determined Contributions-NDCs 2025 (2nd update) အစီရင်ခံစာနှင့်စပ် လျဉ်း၍ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုအပါအဝင် ကာဗွန်ထုတ်လွှတ်မှုများသည့် ကဏ္ဍများမှ ရည်မှန်းချက်များ ကို ပိုမိုထည့်သွင်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေမှုများ၊ မြို့ပြစွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုနှင့် ပတ်သက်၍ အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုမဟာဗျူဟာကို အကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့် ကမ်းရိုးတန်းဧရိယာများတွင် မြို့ပြနှင့်စက်မှုစွန့်ပစ်ပစ္စည်းများစီမံခန့်ခွဲမှုအတွက် စံချိန်စံညွှန်းနှင့် လုပ်ထုံး လုပ်နည်းများထုတ်ပြန်နိုင်ရေး အပြီးသတ်ဆောင်ရွက်နေမှုများ၊ ပလတ်စတစ်ထုတ်လုပ်ခြင်းမှ စွန့်ပစ်ခြင်းအဆင့်အထိ ပလတ်စတစ်သံသရာစက်ဝန်းတစ်ခုလုံးကို ထိန်းချုပ်ရန်အတွက် အမျိုးသားအဆင့် ပလတ်စတစ်စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းစဉ်ကိုရေးဆွဲဆောင်ရွက်နေမှုများ၊ မြို့ပြများတွင် ရေရှည်တည်တံ့သော သယ်ယူပို့ဆောင်ရေးကို မြှင့်တင်ရန်ကြိုးပမ်းမှုအနေဖြင့် လျှပ်စစ်မော်တော်ယာဉ် (Electric Vehicles-EV) များကို အသုံးပြုကြစေရေးအားပေးဆောင်ရွက်နေမှုများ၊ ဆန်းသစ်တီထွင်မှု၊ ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးမှုနှင့် ရပ်ရွာလူထု၏တက်ကြွစွာ ပူးပေါင်းပါဝင်မှုကို မြှင့်တင်နိုင်ရေးအတွက် နှစ်စဉ်ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့တွင် Environmentally Sustainable City Awards နှင့် Clean and Green School Awards ဆုချီးမြှင့်ခြင်း ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့ကြီးများအနေဖြင့် ဂေဟစနစ်အခြေခံ လိုက်လျောညီထွေဖြစ်စေမှုနှင့် ပတ်ဝန်းကျင်ဆိုင်ရာသာတူညီမျှမှုတို့နှင့်အတူ ကာဗွန်ထုတ်လွှတ်မှုနှင့်စွန့်ပစ်ပစ္စည်းထွက်ရှိမှု လျော့နည်းသော၊ ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသော စံနမူနာမြို့ကြီးများအဖြစ် မျိုးဆက်သစ်အဆက်ဆက်တိုင် ဖွံ့ဖြိုး တိုးတက်စေရေး လက်တွဲပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။